စိန်ဓာတ်မီးနှင့် သူ၏ဥစ္စာဓနများ


သူလာနေချေပြီ။ သူ၏ သွက်လက် မြန်ဆန်လှသော ခြေလှမ်းများကြောင့် ကျွန်မ စောင့်နေသော နေရာရှေ့သို့ မကြာမီပင် ရောက်လာ ပေတော့မည်။ တခေါ်လောက်မှ လှမ်းအော်၍ ဓာတ်ပုံရိုက်မည့် အကြောင်း ခွင့်တောင်းထားရသည်။ သို့မဟုတ်ပါက ကျွန်မအား သူတစ်ခုခု အကြမ်းပတမ်း ရန်ရှာလာနိုင်သည်။ သို့ရာတွင် သူသည် ဘယ်သောအခါမျှ ကြမ်းတမ်းခြင်းမရှိကြောင်း သူ့ပတ်ဝန်းကျင်မှ ပြောပြပါသည်။

သူက ခြေလှမ်းမှန်မှန်ဖြင့် လမ်းကလေးအတိုင်း လျှောက်လာရင်း ပြုံးပြသည်။ ရိုက် ဟူ၍လည် ခေါင်းဆတ်ပြသည်။ သို့ရာတွင် သူ့ခေါင်းဆတ်ပြသည်မှာ သိပ်မသိသာလှ။ အဘယ်ကြောင့်ဆိုသော် သူ့ခေါင်းပေါ်တွင် ရွက်လာသော အထုပ်ကြီး၏ အလေးချိန်ကြောင့်သာ ဖြစ်သည်။

ထိုအထုပ်ကြီးသည် သူ၏ အသက်၊ သူ၏ဘ၀၊ သူ၏ ပိုင်ဆိုင်သမျှသော ဥစ္စာဓနများသာ။ ထို အထုပ်ကြီးထဲမှ ဥစ္စာများကို ယောင်၍တောင် ကိုင်တွယ်ခြင်း၊ တောင်းရမ်းခြင်း မပြုပါနှင့်။ ထိုသို့ ပြုလုပ်ပါက သင့်အနားတွင် သူကြာရှည် နေလိမ့်မည် မဟုတ်ပါ။ သူ့အထုပ်ကြီးများကို ရွက်၍ သင့်အနားမှ ဝေးရာသို့ အပြေးတပိုင်းဖြင့် ထွက်ခွာသွားပေလိမ့်မည်။

အထုပ်ကြီးထဲတွင် ထိုးသိပ်၍ ထည့်ထားသော ပစ္စည်းများမှာ ပြည့်ကျပ်နေသဖြင့် ထိုအထုပ်ကြီးအား ကြက်တောင်စည်း၍ မရပါ။ ဟိုဘက် သည်ဘက် ထိပ်စနှစ်ခုကို ကြိုးဖြင့် သေချာစွာ တုတ်နှောင်ထားသည်။ အလယ်အဟနေရာတွင် အထုပ်ကြီးထဲမှ ပုလင်းညိုအသေးတစ်လုံး ပြူထွက်နေသည်ကို တွေ့ရသည်။

ခါတိုင်းဆိုပါက အထုပ်ကြီး နှစ်ထုပ်ကို အထက်အောက် ဆင့်ရွက်၍ လက်ထဲတွင်လည်း အထုပ်ငယ် တစ်ခုကို ဆွဲလာတတ်သည်။ ယနေ့တွင်မူ အထုပ်ကြီး တစ်ထုပ်သာ ရွက်၍ ငှက်ပျောသီး ထည့်ထားသော အိတ်ကြွပ် တစ်လုံးကို လက်တွင် ဆွဲလာသည်။ အပေါ်မှ ထပ်၍ ၀တ်လာသော အင်္ကျီ ရင်ဘတ်ထဲတွင် တအိမ်အိမ်မှ ပေးလိုက်ဟန် တူသည့် ပဲတောင့်ရှည်သီးများကို ထည့်ထားသဖြင့် ဖောင်းကားနေသည်။

ကျွန်မ အနားသို့ သူရောက်လာပါပြီ။ ကျွန်မ ဓာတ်ပုံရိုက်သမျှ စိတ်ရှည်လက်ရှည် နေပေး၏။ ပါးစပ်မှလည်း ကျုပ်ကို ဓာတ်ပုံပေးပါနော် ဟုပြော၏။ ပြီးတော့ မုန့်ဖိုးလည်း ပေးခဲ့ဦး ဟူသတည်း။ သူ၏အသက်မှာ ခြောက်ဆယ်ကျော် လောက်ရှိပြီဟု သူ့ရွာက ပြောကြသည်။ သူ၏ အမည်ရင်းမှာ မှုန်ဝါးပျောက်ကွယ်ခဲ့ပြီ။ သူ့အမည်အရင်းကိုလည်း မည်သူကမျှ အရေးတယူ စုံစမ်းနေလိမ့်မည် မဟုတ်ပါ။ ယခု သူ့အား အများက ခေါ်ဆိုနေကြသည်မှာ ``ဦးဓာတ်မီး´´``စိန်ဓာတ်မီး´´ ဟူသတည်း။

အနှီး စိန်ဓာတ်မီး၏ ဘ၀ဇာတ်ကြောင်းမှာ သာမန် ဖြစ်လေ့ ဖြစ်ထရှိသော ဘ၀ထဲမှ ဘ၀ တစ်ခုသာ ဖြစ်သည်။ တစ်ခု ထူးခြားသည်မှာ သူသည် ယဉ်ကျေး သိမ်မွေ့သော စိတ်ဝေဒနာသည် တစ်ယောက် ဖြစ်နေသည်။ အခြားသော စိတ်ဝေဒနာရှင်များ၏ ပြုမူနေထိုင်ပုံများနှင့် မတူဘဲ ကွဲပြားနေခြင်းသည် သူ့အား စိတ်ဝင်စားစရာ ဖြစ်နေ ပါတော့သည်။

သူ့တွင် မွေးချင်း သုံးယောက်ရှိ၏။ စိန်ဓာတ်မီးမှာ အငယ်ဆုံးဟု ဆိုသည်။ ကျန်နှစ်ယောက်မှာ တိမ်းပါးသွားကြပြီ။ အမေက အရင်ဆုံး၏။ ဖခင်ရှိစဉ်က ဖခင်နှင့်အတူ ဒိုးတူပေါင်ဘက် ဆည်တိုင်ချည်ခြင်း၊ ကွန်ပစ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ သူ အသက် သုံးဆယ်လောက်တွင် သူ၏ အဖေ ကွယ်လွန်သွားခဲ့သည်။ လောကအလယ်တွင် သွေးသားရင်းချာ မရှိတော့။ တစ်ဦးတည်းသော မိသားစု၊ မှီခိုအားထားရာ အဖေမရှိတော့သည့် နောက်ပိုင်း၌ သူ၏ စိတ်သည် ပုံမှန် မဟုတ်တော့။ အဖေ၏ လုပ်ငန်းများကိုလည်း ဆက်၍ အမွေခံရန် သူ့တွင် အစွမ်းအစ မရှိ။ သို့ရာတွင် တစ်ကောင်ကြွက်၊ တစ်မျက်နှာ ဘ၀၏ ဖြစ်တည်မှုကို သူစွမ်းသလောက်နှင့် ထောက်ကန်ထားသည်။

သူ့အဖေသည် သူတို့ တံငါလောကတွင် လူချွန် ဖြစ်၏။ ကွန်ပစ်ခြင်း၊ ဆည်တိုင်ချည်ခြင်း အရာတွင် ဆရာကျ၏။ ဆည်တိုင် စိုက်ထူသော အခါတွင် သူ၏ဖခင် ဦးအုံးရွှေမှာ မပါမဖြစ် ပါရ၏။ အများအပြောအရ လက်တွင် နှီးတစ်ဆုပ်ကိုင်၊ ခါးပုံစတွင် နှီးတစ်ဆုပ်ညှပ်၍ အင်းရေနက်ထဲသို့ ဆည်တိုင်ချည်ရန် ငုတ်ဆင်းသွားရာ အဆိုပါ နှီးများကုန်မှ ရေပေါ်သို့ ပြန်တက်လာနိုင်သော အစွမ်းရှိသည်။ ထို့ကြောင့် အင်းသမားကြီးများက သူ့ကို လက်ကိုင်ထားကြသည်ဟု ဆိုပါသည်။

အဖေမရှိတော့သည့်အချိန် သူ့တွင် အိမ်ဟူ၍ တဲပင် မလိုတော့။ အင်းအိုင်၊ ချောင်းမြောင်းများ ပတ်လည် ၀ိုင်းရံနေသည့် သူ့ဇာတိ ဆင်ပုံကုန်း ရွာကလေး၏ အနောက်ဖက် အချွန်းတွင် စိမ်းစို နက်မှောင်နေသော ၀ါးနက် ၀ါးရုံရှိ၏။ ထိုဝါးနက်ရုံသည် သူ၏ ခိုလှုံရာ အိမ်ဖြစ်သည်။ ထိုနေရာတွင်ပင် ဥတု သုံးပါးစလုံး အမိုးအကာမရှိဘဲ နေထိုင်သည်။ မိုးတွင်းအခါ မိုး မည်မျှ သည်းထန်သော်လည်း သူ၏ ဘူမိကမ္ဗလာ မြေမွေ့ရာမှာ အလွန်ရေစိုခြင်း မရှိဟု ဆိုပါသည်။ ရွာသားများက သူနေထိုင်ရန် အိမ်ဆောက်ပေးသော်လည်း ထိုအိမ်တွင် မနေဟု ပြောကြပါသည်။

သူ့တွင် မိုးရေကာ အပြာစကြီး တစ်စရှိသည်။ မိုးကာလ၌ ၀ါးနက်ရုံအောက်မှ အပြင်သို့ ထွက်လျှင် သူ၏ အထုပ်များကို ထိုမိုးကာစနှင့် ထုပ်ပိုး၍ ခေါင်းပေါ်သို့ရွက်ကာ သွားလာ၏။ ညအချိန်တွင် ထိုမိုးကာစကို တကိုယ်လုံး ပတ်ခြုံ၍ အိပ်သည်။

သူ့ဖခင် ကွယ်လွန်၍ တစ်ယောက်တည်း ကျန်ခဲ့ရသော ကာလများ အစ၌ ပဲကောက်ခြင်း၊ ကညင်ချောင်းထဲ၌ ခရုစမ်းခြင်းများကို ပြုလုပ်၍ အသက်မွေးသည်။ စိန်ဓာတ်မီးသည် ခရုစမ်းရာတွင် နာမည်ကျော်၏။ သူ့ခေါင်းတွင် အမြဲတစေ ပေါင်းထားသော ခေါင်းပေါင်း ရှိပါသည်။ ထိုခေါင်းပေါင်းပေါ်တွင် ဒန်အိုးကို ရွက်၍ လက်နှစ်ဘက်ဖြင့် ခရုစမ်းပြီး ထိုဒန်အိုးထဲသို့ ထည့်သည်။ ခေါင်းပေါ်မှ ဒန်အိုးအား လက်ဖြင့် မထိန်းဘဲ ဟန်ချက်မပျက် ရွက်ထား နိုင်သည်ဟု ဆိုသည်။

ပဲကောက်ရာတွင်လည်း ယာခင်းရှင်များက အခပေးရာတွင် သနားသဖြင့် ပိုပိုသာသာ ပေးကြသည်။ အသက် လေးဆယ် လောက်တွင်မူ ဆယ့်နှစ်ရာသီစလုံး မြေကြီးပေါ် နေသောအကျိုးဆက်ကြောင့် ထင်ပါသည်။ မျက်စိအနည်းငယ် မွဲလာ၏။ လုပ်ကိုင် မစားနိုင်တော့ချေ။ ထို့ကြောင့် သူ့ရွာမှ လေးမိုင်ခန့် ကွာဝေးသော မြို့ကလေးဆီသို့ နေ့စဉ်ရက်ဆက်ဆိုသလို အတောင်းအရမ်းထွက်တတ်သည်။

တောင်းရမ်း၍ စားသောက်သည် ဆိုသော်လည်း အိမ်ပေါက်စေ့ တောင်းရမ်းခြင်း မပြုပါ။ ဈေးဆိုင်များနှင့် လူရိပ် လူရောင်တွေ့သော အိမ်များသို့ဝင်၍ တောင်းသည်။ သူတောင်းသောအသံက ကရုဏာ သက်စရာ ဖြစ်သည်။ အမျိုးသားဆိုလျှင် ``အဖေရယ် ကျွန်တော့ကို မုန့်ဖိုးလေး ပေးပါနော်´´ဟု ဆိုတတ်၏။ အမျိုးသမီးနှင့် တွေ့လျှင်``အမ´´ဟုခေါ်ကာ တောင်းတတ်သည်။

တောင်းရသမျှ ဆန်ကို တပြည်ရလျှင် တပြည်စလုံး အကုန်ချက်ကာ သူစား၍ ပိုသမျှ သူ့နေရာ ပတ်ဝန်းကျင်တွင် ကြဲပက်၍ သတ္တ၀ါများအား ကျွေးလေ့ရှိသည်။ ထိုသတ္တ၀ါများနှင့် စကား တတွတ်တွတ် ပြောနေတတ်သည် ဟူ၍လည်း ဆိုကြသည်။ ထို့ကြောင့် လူအများက သူ့နေရာတွင် သို့လော သို့လောများ ရှိသည်ဟုထင်ကာ သူနှင့် နီးစပ်သူများမှ အပ ရှောင်ကြသည်။

မနေ့က သူဆွဲထားသော အိတ်ကြွပ်ထဲတွင် ငှက်ပျောသီး ပါလာ၏။ ချွေလှေ့စက် တင်သော ထော်လာဂျီ သမားက တောင်းရာတွင် ``မလုပ်ပါနဲ့ အဖေရယ်...ငါ့မှာ ဒါလေးပဲ ရှိလို့ပါဟယ်...မလုပ်ပါနဲ့ဟယ်´´ဟုပြောကာ ငှက်ပျောသီး ထုပ်ကို ကိုယ်နောက်သို့ ကွယ်ကာထားလိုက်သည်။

တောင်း၍ရသော အရာများကို သူ့အထုပ်ကြီးထဲသို့ ကြိုးဖြည်၍ ထည့်လေ့ရှိသည်။ ထိုအခါကျမှ သူ့အထုပ်ကြီးထဲတွင် ပါဝင်သော အရာများကို တစွန်းတစ တွေ့မြင်နိုင်သည်။ အိုးမဲထု အထပ်ထပ် တက်နေသော ဒန်အိုးနှင့် ရေနွေး ကရားအိုး၊ ဖိနပ်စုတ်၊ ထီးစုတ်နှင့် အခြားတိုလီမိုလီ စုံစီနဖာများကို တွေ့နိုင်သည်။

ခြေဗလာဖြင့် သူသွားရာ လမ်းတလျှောက်တွင် ခလုပ်တိုက်မိသော ကျောက်ခဲများ၊ သစ်ရွက်များ၊ သစ်ကိုင်းခြောက် ကလေးများ၊ အစေ့များ တွေ့သမျှ အကုန်ကောက်၍ သူ့အထုပ်ကြီးထဲသို့ ထည့်သည်။ သူဆံပင် မညှပ်တော့သည်မှာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်း၊ အ၀တ်လျှော်ခြင်းများလည်း မလုပ်ပါ။ ရှည်လျားလာသော သူ့ဆံပင်များကို လုံးထွေး၍ ခေါင်းပေါင်းထဲ ထည့်ပေါင်းထားသည်။

တခါက သူ့ခေါင်းပေါင်း ပြင်ပေါင်းနေသည်ကို သွားရင်းလာရင်း တွေ့မြင်ဖူးသည်။ ကာလကြာမြင့်စွာ ထုပ်စည်းထားသော ခေါင်းပေါင်းအောက်မှ ဆံပင်များမှာ ဆွေးမြေ့ ၍ ပြတ်ကျနေသည်။ နားထင်ပတ်လည်ရှိ ဆံပင်ရှည်များမှအပ ခေါင်းပေါ်ရှိ ကျန်ဆံပင်များမှာ အုံးစားသကဲ့သို့ ဟိုတကွက် သည်တကွက် ပြောင်နေသည်။ ကြိုးတိုးကြဲတဲ ဆံပင်မွှေးများသာ ငုတ်စိ ငုတ်စိ ကျန်နေသည်။

ရံဖန်ရံခါ သူ့ရွာနီးချုပ်စပ်ရှိ ကာလသားများက သူ့အား အတင်းချုပ်၍ ရေချိုးပေးခြင်း၊ခေါင်းလျှော်ပေးခြင်း၊အ၀တ်ပုဆိုး အသစ်ပေးခြင်း၊သူ့အိုး သူ့ခွက်များကို တိုက်ချွတ်ဆေးကြောပေးခြင်းများကို ပြုလုပ်ပေးကြသည်။ သို့ရာတွင် ထိုသို့ ပြုလုပ်ပေးခြင်းကို သူနှစ်သက်ခြင်း မရှိချေ။

သူ့အတွက် နောင်ဘ၀ သံသရာအကျိုးငှါ လှူတန်းရန် အလှူခံကြသော်လည်း
``ငါ့မှာ မရှိပါဘူးဟယ်... ဒုက္ခရောက်နေလို့ပါဟယ်...´´ ဟု ငြင်းဆန်ကာ အလှူရေစက်ကို လက်နှင့် ဝေးစွာ ခွာထားလေ့ရှိသည်။ စိတ်ကျန်းမာသော သူများအတွက် စိန်ဓာတ်မီး၏ ဥစ္စာပစ္စည်းများမှာ ရယ်ရွှင်စရာသာ ဖြစ်သော်လည်း သူ့အတွက်မူ ပျောက်ဆုံးသွားမည်ကို အမြဲတစေ ပူပင်နေရသော အဖိုးတန် ရတနာများပင် ဖြစ်သည်။

ကျွန်မတို့လို ပုံမှန်စံကိုက် ပုဂ္ဂိုလ်များကကော။ စိတ်ဆန္ဒရှိသမျှ ပိုင်ဆိုင်နိုင်အောင် ကြိုးစားရင်း အထုပ်ကြီး နိုင်သမျှကြီးအောင် ကောက်ထည့်၍ ထုပ်ပိုးလာကြသည်မှာ စိန်ဓာတ်မီးထက်ပင် ပို၍ များပြားပေလိမ့်မည်။ သူ့လို ပိုင်ဆိုင်သမျှ ပျောက်ဆုံး သွားမည်စိုးသဖြင့် သွားလေရာ ခေါင်းပေါ်ရွက်၍ သယ်ဆောင်မသွားကြသော်လည်း လေးလံသော ၀န်ထုပ်ဝန်ပိုးကိုယ်စီ ရှိနေကြပါသည်။

ပညာဝန်ထုပ်
ဥစ္စာဝန်ထုပ်
သားသမီးဝန်ထုပ်
မာန၀န်ထုပ်
တဏှာဝန်ထုပ် စသော အဆုံးမသတ်နိုင်သည့် ၀န်ထုပ်ပောင်း များစွာကို ထုပ်ပိုးသယ်ဆောင်နေကြသည်မှာ အလွန်လေးလံလှကြောင်း ကျွန်မ ၀န်မခံရဲပါ။

တစ်နေ့နေ့တွင် စိန်ဓာတ်မီး၏ ၀ါးနက် ၀ါးရုံဂေဟာသို့ အရောက်သွား၍ လည်ပတ်ကာ သူ၏ နေထိုင်စားသောက်မှုကို လေ့လာစပ်စုကြည့်ပါဦးမည်။ နေလည်း ညိုပြီ။  စိန်ဓာတ်မီးလည်း တောင်းရသမျှ သယ်ဆောင်ကာ သူ့အသိုက်သို့ ပြန်လေပြီ။ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားသော သူ့ကျောပြင်ကို ငေးကြည့်ရင်း.....။ ။

ဒေါ်ချိုမော်
( 15.12.2017 )

_
Morning E-Magazine No.1, Issue.4 တွင် ဖော်ပြပြီး

No comments

Note: Only a member of this blog may post a comment.

Powered by Blogger.