နည်းပညာထွန်ကားလာမှုနှင့်စာပေလောက

နည်းပညာ ထွန်းကားလာမှုသည် စာပေ လောကအတွက် သက်ရောက်မှုများစွာ ရှိနေ သည်။ ယနေ့ မြန်မာ့ မီဒီယာ လောကတွင် ဒစ်ဂျစ်တယ် သတင်းစာများ၊ ဒစ်ဂျစ်တယ် မဂ္ဂဇင်းများ တစ်စတစ်စဖြင့် စတင် ပေါ်ပေါက် လာနေပြီ ဖြစ် သည်။ ဒစ်ဂျစ်တယ် စာပေလောက၏ ဖွံ့ဖြိုးမှုသည် အရှိန်မြန် လှသဖြင့် နောင်လာမည့် နှစ် အနည်းငယ် အတွင်း မြန်မာပြည်တွင်း ဒစ်ဂျစ်တယ် သတင်းစာများ၊ ဒစ်ဂျစ်တယ် မဂ္ဂဇင်းများ ယနေ့ထက် ပို၍ များပြားလာလိမ့်မည်ဖြစ်သည်။

 ဒစ်ဂျစ်တယ် ဖွံ့ဖြိုးလာမှုကြောင့် စာမဖတ်တော့ဟု ဝေဖန်မှုများရှိနေသည်မှာ လက်တွေ့ မကျပေ၊ စာအုပ် တိုက်များနှင့် မဂ္ဂဇင်း တိုက်များ ပိတ်သွား ရလောက်သည် အထိ အဓိက တရားခံမှာ နည်းပညာ ထွန်းကားလာမှုကြောင့်ဟု ဆို လျှင် ပို၍ သဘာဝမကျပါ။ အမှန်တကယ်တော့ ထွန်းကားလာသည့် နည်းပညာတို့ အပေါ် လိုက်ပါ စီးမျောနိုင်မှု မရှိဘဲ ခေတ်မမှီတော့သည့် ဈေးကွက် ဖော်ဆောင်ရေး အစီအစဉ်များကို မစွန့် လွှတ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ယနေ့ခေတ် တွင် ဈေးကွက် ဖော်ဆောင်ရေး မဟာဗျူဟာများမှအစ ဒစ်ဂျစ်တယ် ပေါ်သို့ မှီခိုပြောင်းလဲလာ ကြသည်။ အကျိုးသက်ရောက်မှုလည်း များလှ သည်။ ဥပမာ တစ်ခုပြရသော် ယနေ့ခေတ် Best Seller စာအုပ် အများစုမှာ ဒစ်ဂျစ်တယ် မားကတ်တင်း ပညာရပ်ကို အသုံးချပြီး ကြော်ငြာခဲ့ကြသည်ကို တွေ့နိုင်သည်။

 မြန်မာပြည်တွင် PDF ခေါ် ဒစ်ဂျစ်တယ် စနစ်ဖြင့် ဖန်တီးထားသော စာအုပ်များ တစိမ့်စိမ့်ဖြင့် ထွန်းကား လာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုရှိခဲ့ပြီ။ အလွယ်တကူ ရယူနိုင်သည်က တစ်ကြောင်း၊ အခမဲ့ ရသည်က တစ်ကြောင်း၊ ရှားပါးစာအုပ်များ ရနိုင်သည်က တစ်ကြောင်း စသဖြင့် EBook ဖတ်ရှုသူများ တစ်နေ့တစ်ခြား တိုးပွားလာခဲ့သည်။ မြန်မာPDF စာအုပ်များကို အခကြေးငွေဖြင့် စနစ်တကျ ၀ယ်ယူနိုင်သည့် Online Book Store များ ယခုထက်ပို၍ များပြားလာရန် လိုအပ်နေပြီး ထိုအချက်သည်လည်း ဒစ်ဂျစ်တယ် စာပေလောက ဖွံ့ဖြိုးလာမှု နှင့် တိုက်ရိုက် ပတ်သက်နေပြန်သည်။

 အချို့သူများက ဒစ်ဂျစ်တယ် စာပေလော ကို အထင်မကြီးချေ၊ စိတ်ကြိုက် လွတ်လပ်စွာ ရေးနိုင်ခြင်း၊ အယ်ဒီတာ စားပွဲမဖြတ်ရခြင်း စ သည်တို့ကြောင့် ခွေးတိုးပေါက်ဟုပင် ပြောဆိုမှုများ ရှိနေသည်။ နောင်နှစ်အနည်းငယ်အတွင်း ဒစ်ဂျစ်တယ် မီဒီယာများ ယခုထက်ပို၍ များ ပြားလာသည့် အချိန်တွင် ထိုကဲ့သို့ ပြောဖို့ ခက်သွားလိမ့်မည်။ အမှန်တော့ မည်သည့်နေရာတွင် ရေးသည်ဖြစ်စေ စေတနာပါသော စာတစ်ပုဒ် သည် စေတနာ ပါနေမြဲပင်..။ ခေတ် အလိုက် ပြောင်းလဲလာသော အသွင်သဏ္ဍန်တို့ကို လက်ခံရမည်သာ ဖြစ်သည်။

 နည်းပညာ ထွန်းကားလာမှုကြောင့် ဒစ်ဂျစ်တယ် လောကအတွက် သာမက ပုံနှိပ်လောက အတွက်ပါ အကျိုးများစွာ ဆက်လက် ဖြစ်ထွန်းနေဦးမည်။ ဒစ်ဂျစ်တယ် စာပေလောက ကြောင့် ပုံနှိပ်စာပေများ ပျောက်ကွယ် မသွားနိုင်ပါ။ သူနေရာနှင့်သူ ဆက်လက် တည်ရှိနေဦးမည် ဖြစ်ပြီး နည်းပညာ ထွန်းကားလာမှု သည် စာပေလောကအပေါ် အကျိုးများစွာ ဖြစ်ထွန်း စေသောကြောင့် ထို အခွင့်အရေးများ ကို အမိအရ အသုံးချရန် လိုအပ်ကြောင်း တိုက်တွန်း လိုက်ရပါသည်။

အယ်ဒီတာ

(၂၀၁၈ ခုနှစ် ဇန်န၀ါရီလ - ၁ရက်နေ့ ထုတ် Morning E-Magazine No.1, Issue.4 ၏ အယ်ဒီတာ့ အာဘော်)

No comments

Note: Only a member of this blog may post a comment.

Powered by Blogger.