ကိုယ့်ကိုယ်ကို ပိုင်ပါတယ်

ကိုယ့်ကိုယ်ကို သေချာသိတဲ့လူက စိတ်ချမ်းသာတယ်။ အတွေးတွေထဲမှာ ပိတ်မိနေတဲ့ လူကတော့ အမှန်တရားကို မမြင်နိုင်ဘူးပေါ့။

ကိုယ်လဲကျနေတဲ့အခါ ထူပေးမယ့်သူကို စောင့်မနေသင့်ဘူး။ ကိုယ့်ကိုယ်ကို ပိုင်ပါတယ်။ ကိုယ်တိုင် ပြန်ထလို့ရတာပဲ။ လူ့သဘောက ကိုယ်အားနည်းနေရင် အားပေးတာမျိုး သိပ်လိုချင်တယ်။ ကိုယ့်စိတ်ချမ်းသာမှုက သူများသနားမှ ရသလိုမျိုးဖြစ်နေတယ်။

စိတ်ဓာတ်ခိုင်မာတဲ့ သူ ဖြစ်ချင်တယ်။ ထက်မြတ်တဲ့ သူဖြစ်ချင်တယ်။ ကိုယ့်လမ်းကိုယ် တည့်တည့်မတ်မတ်လျှောက်နိုင်တဲ့သူ ဖြစ်ချင်တယ်။ ဒီသဘောတရားတွေဟာ ကိုယ့်ကိုယ်ကို ဘယ်လောက်ပိုင်သလဲ ဆိုတဲ့ မေးခွန်း နဲ့ တိုက်ရိုက် ဆက်စပ်တယ်။

တကယ် ကိုယ့်ကိုယ်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင် မိသွားရင် ဘယ်သူဘာပြောပြော နားမယောင်တော့ဘူး။ ဘယ်သူလာတိုက်ခိုက်ပါစေ ကိုယ်နဲ့မဆိုင်တော့ဘူး။ ဘယ်သူ့ကြောင့်မှ လမ်းမချော်တော့ဘူး။
ကိုယ်ဘာလုပ်ရမလဲ သိနေတော့ ကိုယ့်ကိုယ်ကို နားလည်နေတာနဲ့ ကိုယ့်လမ်းကိုယ် တည့်တည့်လျှေက်နေတာနဲ့ဘဲ သူများကိုယ့်ကိုဝင်စွက်ဖတ်နေတာတွေကို ဂရုမစိုက်အားတော့ဘူး။

ကိုယ့်ကိုယ်ကို ဘယ်နေရာက ပြန်စရမလဲ သေချာတဲ့ ကြိုးပမ်းအားထုတ်မှုရှိတယ်။ အချိန်ဖြုန်းရတာတွေ နည်းလာတယ်။ တဖြည်းဖြည်း နဲ့ ကိုယ့်ကိုယ်ကို တိုးတက်လာမှန်း သိလာလေ ကိုယ်ဟာလက်ရှိနေရာထက် ပိုသာတဲ့ နေရာတခုမှာ ရှိသင့်မှန်း လက်ခံလာလေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်လာလေ၊  ဒီလိုလူတွေအတွက် အချစ်ဆိုတာ အားကိုးမှီခိုဖို့ထက် ချစ်ဖို့သပ်သပ် ဘဲ ဖြစ်လာတယ်။

သူဘယ်လိုနေမှ စိတ်ချမ်းသာလဲ သေချာသိလာတယ်။ အဲ့ဒီ မှာ ဆရာတော် ဦးဇောတိက ပြောတာလေးအမှတ်ရမိတယ်။

"လူ့ဂုဏ်သိက္ခာနဲ့ စိတ်ချမ်းသာမှုဟာ ဆက်စပ်နေပါတယ်။ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့သူမှသာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို ရနိုင်တယ်။ ကိုယ်ကျင့်တရား ကောင်းတဲ့ သူဟာ ပိုစိတ်ချမ်းသာတယ်။ ရိုးသားတဲ့သူဟာ ပိုစိတ်ချမ်းသာတယ်။ နောင်တရစရာမရှိတဲ့သူဟ်ာပိုစိတ်ချမ်းသာတယ်။ ငါဟာ ဂုဏ်သိက္ခာရှိတဲ့ သူလို့ မှန်မှန်ကန်ကန်ခံစားရဖို့ လိုပါတယ်" တဲ့။

ဒါကလည်း ကိုယ့်စိတ်နဲ့ ကိုယ်သိနေဖို့ အဓိကပါပဲ။ ဘယ်နေရာမှာပဲ ပျက်စီးသွားပါစေ အစကပြန်စဖို့ ခိုင်မာတဲ့ စိတ်ရှိနေသင့်တယ်။ လဲကျတိုင်း ထူပေးမယ့် လူကို မစောင့်ဘဲ ကိုယ့်ခြေနဲ့ကိုယ်ပြန်ရပ်နိုင်သင့်တယ်။ ဂုဏ်သိက္ခာနဲ့ စိတ်ချမ်းသာမှုက ဆက်စပ်နေလို့ ကိုယ့်ကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရမယ်။ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားဖို့လိုတယ်။

ကိုယ့်ကိုယ်ကို ပိုင်မှန်းသိလာလေ လွတ်လပ်လာလေ အစစ်အမှန်မှာ ပျော်တတ်လာလေ။

ချစ်တဲ့
ခင်ခြူးသာ
Powered by Blogger.