စိတ်ကျဝေဒနာကို တွန်းလှန်ပါ။

စိတ်ဓါတ်ကျနေတာဟာ ကူကယ်ရာမဲ့နေသလိုပါပဲ။ မိမိ ကိုယ်တိုင် တွန်းလှန်လို့ ရပါတယ်။ နေ့စဉ် လုပ်ဆောင်မှုတွေ နဲ့ အတွေးတွေကို ပြောင်းလဲပစ်တာနဲ့ပဲ စိတ်ဓါတ်ကျတာကို ကုစားလို့ရပါတယ်။

အောက်ပါအချက်တွေဟာ သင့်ကို အကူအညီ ပေးပါလိမ့်မယ်။

(၁။) ပျော်ရွှင်အောင် နေပါ။

သင့်ကို ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်း ရုပ်ရှင်ကြည့်ရင်း သင် ပြန်လည် တက်ကြွရွှင်လန်းလာမှာပါ။

(၂။) အပြောင်းအလဲလေး လုပ်ပါ။

ပတ်ဝန်းကျင် ပြောင်းပေးပါ။ မိမိရဲ့ ဝါသနာကို အခြေခံပြီး အလည်သွားခြင်း၊ ခရီးထွက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလှပြင်ခြင်းစသည်တို့ကို လုပ်ကြည့်ပါ။

(၃။) သင့်တင့်မျှတအောင်  စားပါ။

စိတ်ဓါတ်ကျနေရင် ပုံမှန်ထက်ပိုပြီး စားမိတတ်ပါတယ်။ ချင့်ချိန်ပြီးစားတာက သင့်ကို ပိုပြီး နေလို့ကောင်းစေမှာပါ။

(၄။) အိပ်ရေးဝအောင် အိပ်ပါ။

စိတ်ဓါတ်ကျနေတဲ့အခါ အိပ်မရဖြစ်တတ်ပါတယ်။ အိပ်မရလေ ပိုဆိုးလေပါပဲ။ အချိန်မှန် အိပ်ယာဝင်ပြီး သိပ်မတွေးပဲ အိပ်ပါ။

(၅။) အလုပ်တခုခု လုပ်ပါ။

စိတ်ဓါတ်ကျနေချိန်မှာ ရှိသမျှ အလုပ်တွေကို လွှင့်ပစ်ချင်စိတ် ဖြစ်နေမှာပါ။ အလုပ်မရှိရင်တောင် အချိန်ပိုင်းအလုပ်ဖြစ်ဖြစ် စေတနာ့ဝန်ထမ်းအလုပ်ဖြစ်ဖြစ် လုပ်ပါ။ အလုပ်လုပ်နေရင်း စိတ်အာရုံကို ကုစားပါ။

(၆။) အချိန်ဇယားလေး ဆွဲပါ။

မိမိ လုပ်ရမယ့် အရာတွေကို အချိန်ဇယားလေးနဲ့ သတ်မှတ်ပါ။ တစ်ခုပြီး တစ်ခုလုပ်ဆောင်နေရင်း စိတ်ဓါတ်ကျဖို့ မေ့သွားမှာပါ။

(၇။) ရည်မှန်းချက် ထားပါ။

စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘာတစ်ခုမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေမှာပါ။ တစ်နေ့ချင်းစီ ဘယ်လောက်တော့ ပြီးအောင်လုပ်မယ်လို့တွေးပြီး ရှေ့ဆက်ပါ။

(၈။) မကောင်းမြင်စိတ်ကို ဖျောက်ပါ။

အကောင်းမြင်တတ်အောင် စိတ်ကို ပြောင်းလဲပေးပါ။ စိတ်ဓါတ်ကျနေတဲ့အခါ အရာရာကို အဆိုးဘက်ကနေ အရင်တွေးလေ့ ရှိပါတယ်။

(၉။) လေ့ကျင့်ခန်း လုပ်ပါ။

ခဏ ခဏ စိတ်ဓါတ်ကျတတ်တဲ့ လူတွေဟာ ပုံမှန် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ရေမချိုးခင် သက်သက်သာသာ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးတာလောက်နဲ့ အဆင်ပြေပါတယ်။

(၁၀။) တချက်ချင်းစီ လုပ်ပါ။

မိမိ လုပ်ချင်တဲ့အချက်ကစပြီး အကောင်အထည်ဖော်ပါ။ နေ့စဉ် ပျော်ရွှင်ပြီး စိတ်ဖိစီးမှု ကင်းဝေးကြပါစေ။

ဒေါက်တာဖြိုးပိုင်စိုး
______________

Morning E-Magazine​ သည် သုတ၊ ရသ စာပေများနှင့်အတူ လစဉ် အခမဲ့ ထုတ်ဝေနေသော အွန်လိုင်း မဂ္ဂဇင်း တစ်ခုဖြစ်ပါသည်။
Powered by Blogger.