စိတ်ချမ်းသာမှုက သတိတရားကလာတယ်


"အထင်ကြီးတယ်၊ထင်သေးတယ်ဆိုတာ တပါးသူရဲ့ စိတ်ထဲမှာ ခဏလေးဖြတ်သွားတဲ့ အတွေးလေးတစ်ခုပါ။" တဲ့။

ဆရာတော်ဦးဇောတိက ပြောထားတာလေးပါ။ ဆရာတော့်ရဲ့ စာတွေဖတ်ပြီးတိုင်း ငြိမ်းချမ်းမှုတွေရသလို၊ ပင်ပန်းနေတိုင်း စိတ်ခွန်အားဖြစ်ရတယ်။ ဆရာတော်က သတိနဲ့နေဖို့ အမြဲရေးသလို အမြဲလည်း ဆုံးမလေ့ရှိတယ်။ "သိနေတဲ့ စိတ်ဟာ ထက်နေတဲ့ ဓားနဲ့တူတယ်" တဲ့။ ဘာကိုဖြစ်ဖြစ်သိနေရမယ်။ ငါဘာတွေးနေတာလဲ၊ ငါဘာလုပ်မှာလဲ၊ ငါဒီအလုပ်ကို လုပ်ရင်ပျော်ရမလား၊ ငါလုပ်နေတာတွေ မှန်ကန်သလား၊ ဒါမျိုးကိုယ့်စိတ်ကိုယ် သိအောင် စိတ်နဲ့ ဦးနှောက်နဲ့ conversation လုပ်ရင်း ကိုယ့်ကိုယ်ကို သိလာမယ်။

အဲ့လို သိနေတဲ့ စိတ်က တကယ်ကို ဓားတစ်လက်လိုပဲ။ ဘယ်အရာကိုမဆို ပြတ်ပြတ်သားသား တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းရှိတယ်။ ကိုယ်နဲ့ကိုက်ညီတာတွေကို ရဲရဲ ရင့်ရင့် လက်ခံနိုင်ပြီး၊ ကိုယ်နဲ့မကိုက်ညီတာတွေကို ပြတ်ပြတ်သားသား စွန့်လွှန့်ပစ်နိုင်သွားတယ်။

သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ မင့်က သိပ်ပြတ်သားတယ်၊ motivation လုပ်တာတော်တယ် စသည်ဖြင့်ပေါ့။ လူဆိုတာမျိုးက ကိုယ့်ကို ချီးကျူးရင် ဂုဏ်ယူတာမျိုးနော်။ ရှိဖူးတယ်။ ကိုယ့်ကို တော်လိုက်တာလို့ ပြောရင် ပျော်တတ်တာ၊ ကိုယ့်ကို ချီးကျူးပြီဆိုတာနဲ့ ဝမ်းသာတတ်တာမျိုး။ ရှစ်တန်းလောက်ရောက်တော့ တရားစာအုပ်တွေဖတ်တတ်လာရင်း ဆရာတော့် စာအုပ်လေးတွေနဲ့ ရင်းနီးပြီးတဲ့ နောက်ပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ ချီးကျူးခြင်းကဲ့ရဲ့ခြင်းဟာ သူတို့စိတ်ထဲက ခဏတာ အတွေးတစ်ခုဆိုတာ ပိုပိုနားလည်လာတယ်။

သူများစိတ်ထဲမှာ ခဏလေးဖြစ်သွားတဲ့ အတွေးလေးတစ်ခုအတွက် ဘာလို့ ဝမ်းသာအလဲဖြစ်နေရမှာလဲ၊ ဘာလို့အချိန်ကုန်ခံ စိတ်ထိခိုက်ရမလဲ ဆိုတာ သိလာရင် နေရတာတော်တော်ပျော်လာတာနော်။ ဆရာတော်ပြောတဲ့ သတိဆိုတာ၊ သိနေတဲ့စိတ်က ဓားထက်ထက်လိုပဲ ဆိုတာ တကယ်ကိုမှန်တာလေ
ဒါတောင်တခါတခါ ကိုယ့်ကို သူများလာချီးကျူးရင် လေးစားတာမျိုးဆိုတာ ရှိရင် သဘာဝအရ ပျော်မိတာပဲ၊ဂုဏ်ယူမိတာပဲ။

ငါဟာသူများချီးကျူးတာခံဖို့ အလုပ်လုပ်တာလား၊ သူများအထင်ကြီးဖို့ ဒါမျိုးလုပ်နေတာလား၊ ဒါမျိုးမေးမိသွားတယ်။ တကယ်တော့ သူများအထင်ကြီးအောင် အားထုတ်ကြိုးပမ်းတယ်ဆိုတာ မပြည့်ဝတဲ့ ကလေးဆန်တဲ့ စိတ်ပဲ။ ရင့်ကျက်တယ် ဆိုတာ အသက်အရေ အတွက်နဲ့မဆိုင်ဘူး၊ အသိဥာဏ်နဲ့ပဲ ဆိုင်တာမျိုးလေ။

လူအထင်ကြီးခံရတော့ ငါဘာဖြစိလာမှာလဲ၊ လူအထင်ကြီး မခံရတော့ ဘာဖြစ်သွားမှာလဲ။ သူတို့ပြောနေတဲ့ ကိစ္စတွေက ကိုယ့်ဘဝရဲ့ ဘယ်အစိတ်အပိုင်းထိ အရေးပါမှာ မို့လို့လဲ။ ဘယ်အစိတ်အပိုင်းထိ အရေးပါပါ သူများ အထင်ကြီးတာကို ထိုင်ဝမ်းသာနေတာ မျိုးက ကလေးဆန်တဲ့ မပြည့်ဝတဲ့စိတ်ပဲ။ကိုယ့်ကိုယ်ကို သူများရဲ့ ချီးကျူးခြင်းကဲ့ရဲ့ခြင်းလောက်မှာ ထားထားတာမျိုးက သိပ်ကိုနိမ့်ကျတဲ့ စိတ်အခြေအနေတစ်ရပ်ဖြစ်တယ်။

လူတိုင်းမှာ ကိုယ်ပိုင်ဘဝဆိုတာ ရှိတယ်။ ကိုယ့်ဘဝမှာကိုယ်က ဇာတ်ကောင်။ ဘယ်သူကမှ ကိုယ်လုပ်ရမယ့် အလုပ်တွေထက် သူများကို စိတ်ထြဲကာကြာမထားနိုင်ကြဘူး။ အဲ့တော့ သူလိုကိုယ်လိုလူတွေကြားမှာ လူအထင်ကြီးခံရဖို့ အပင်ပန်းခံနေရတယ် ဆိုတာမျိုးက သိပ်စိတ်ပျက်ဖို့ကောင်းတဲ့ ပေါ့ပျက်ပျက် ကိစ္စတစ်ခုပဲ။

လူအထင်ကြီးခံရဖို့ တမင်ကြိုးစားအားထုတ်စရာ မလိုပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ်လျှောက်ရမယ့်လမ်း၊ ကိုယ်မှန်းထားတဲ့ ပန်းတိုင်၊ ဒါတွေကို စိတ်ပိုင်းဖြတ်ပြီး မှန်မှန်လျှောက်နေတတ်ရင် အောင်မြင်တဲ့ ဘဝတစ်ခုကို နီးစပ်လာမှာပဲ။ အဲ့ဒီအတွက် ပတ်ဝန်းကျင်ရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေကို စိတ်ထဲမှာ အကြာကြီးလက်မခံထားမိဖို့ လိုတယ်။

ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေနဲ့ လွှမ်းမိုးထားတဲ့ အကြီးမားဆုံး အသိုက်အဝန်းတစ်ခုပဲလေ။ ချီးမွမ်းခြင်း ခံနေရချိန်မှာ ဘာမှမဖြစ်ပေမယ့်၊ ကဲ့ရဲ့ရှုတ်ချခြင်း ခံရချိန်မှာ ကိုယ့်ရဲ့ အားမာန်တွေ လေထဲလွင့်ပါသွားနိုင်တယ်။ ဒါကြောင့်ကိုယ်စိတ်ကိုယ် သတိဆိုတာလေးနဲ့ ကာပေးထားတတ်ရတယ်

အဓိကနဲ့ သာမည ခွဲခြားပေးထားတတ်ဖို့လိုတယ်။ အဓိကတွေကို စိတ်ထဲမှာထားပြီး ကျေးဇူးတင်တတ်ရသလို၊ သာမညတွေကို သူတို့ပေးတဲ့အတိုင်း တူညီစွာ ပြန်ပေးတတ်လာရင် ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အဖော်တွေ ဖြစ်လာပါလိမ့်မယ်။ ။

ချစ်တဲ့
ခင်ခြူးသာ
Powered by Blogger.