မာနဟူသည်

တချို့လူငယ်တွေက မာနတွေ ထားတတ်ကြတယ်။ မာနဆိုတာ ထားသင့်တဲ့အရာ ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘဝတက်လမ်း ဖြစ်စေတဲ့ မာနလေးတွေသာ ထားသင့်တယ်။ အလုပ်မှာ သူက ဒီနေရာမှာ တော်ရင် ငါက ဟိုနေရာမှာ တော်တဲ့ သူဖြစ်အောင် လုပ်မယ်ဆိုတဲ့ မာနလေးသာ ထားသင့်ပါတယ်။

နေရာတိုင်းမှာ ငါ့ကို လာမပြောနဲ့ ငါဆိုတဲ့ကောင်က မဟုတ်ရင် ခံတဲ့ကောင် မဟုတ်ဘူးဆိုတဲ့ မာနမျိုးဆို မထားသင့်ပါဘူး။ ကိုယ့် အနေအထား ကိုယ့်ပညာ အရည်အချင်း အရ နေရာတိုင်းမှာ မာန ဆိုတာ ထားသင့်တဲ့ အရာမဟုတ်ပါဘူး။

အထူးသဖြင့် ကိုယ့်အလုပ်ရှင် တွေအပေါ်ဆို ပိုပြီး မထားသင့်ပါဘူး။ ကိုယ့်အလုပ်ရှင်ဆိုတာ သူ့အလုပ်ကို လုပ်ပေးနေလို့ လစာပေးလို့ ကျေးဇူး တင်စရာ မလိုဘူးလို့ သတ်မှတ်လို့မရပါဘူး။ ကိုယ့်အပေါ် ကောင်းခဲ့ဖူးတဲ့ သူ့ရဲ့ ကောင်းကွက် ကလေးတွေကို ပြန်လည်တွေးပြီး သည်းခံနိုင်ဖို့လည်း လိုပါသေးတယ်။

ကိုယ့်အနေအထား ကိုယ့်ပညာအရည်အချင်းနဲ့ ကိုယ့်အပေါ် ချီးမြောက်ပြုထားဖူးတဲ့ သူ့ကျေးဇူးတွေကို သတိရသင့်ပါတယ်။ ကိုယ့်မှာက သူတို့ခိုင်းတာလောက်ပဲ လုပ်ရတာ အကြီးအကဲ အလုပ်ရှင်မှာက လုပ်ရမယ့် လုပ်စရာတွေများသလို စိတ်ရှုတ်စရာ တွေ သူ့မှာ အများကြီးရှိပါလားလို့ တွေးပြီး ကိုယ့်အပေါ် ရှိခဲ့ဖူးတဲ့ သူ့ကျေးဇူးတွေကို သတိရကာ သူစိတ်ချမ်းသာအောင် အကောင်းဆုံး အနေအထားမျိုးနဲ့ ဆက်ဆံသင့်ပါတယ်။

ဒီလို ဆက်ဆံလိုက်လို့ ကိုယ့်မှာ ဆုံးရှုံး နစ်နာ သွားတာမရှိပါဘူး။ အကြီးအကဲဆိုတာ သူတို့ ချစ်တဲ့သူ အလိုက်သိသူတွေကို ချစ်တတ်ကြပါတယ်။ အကြီးအကဲ ချစ်ရင် ကိုယ့်ဘဝလည်း အမြင့်ကို ရောက်ဖို့ မခက်ခဲတော့ပါဘူး

လောကစကားတစ်ခုရှိပါတယ်။ အမှီရှိမှ ဘုရားတင့်တဲ့။ ကိုယ်က မိုးပျံအောင်တော်နေသူဆို ကိုယ့်မာနနဲ့ တစ်ယောက်တည်း ထူးချွန်အောင် လုပ်လို့ရပါတယ်။ ဒါတောင် အမှီမရှိရင် အမြင့်ကို ရောက်ဖို့ အချိန်ကြန့်ကြာ တတ်ပါတယ်။

ဒီလိုမဟုတ်ဘဲ သူက အလိုက်တသိ နဲ့ ကိုယ့်အပေါ် ကောင်းတဲ့ စိတ်နဲ့ အခြားပညာတတ်များနဲ့တန်းတူ ထားပေးတာကိုတောင် ကိုယ့်ဘက်က အလိုက်မသိဘဲ မာနလေး ထားနေမယ်ဆိုရင် ကိုယ့်ရဲ့မာနက ကိုယ့်ဘဝကို ပြန်သတ်သွားတတ်ပါတယ်။ တွေးဆသတိထား ဆင်ခြင်နိုင်ကြပါစေဗျာ။

မောင်မြင့်ဝင်း
Powered by Blogger.