လွတ်လပ်သောဘ၀၊လွတ်လပ်သော အောင်မြင်မှု


ပြိုင်ပွဲ ဟူသည် အနှိုင် အရှုံး အပေါ် အခြေခံသည်။ ထိုသို့မှ မဟုတ်လျှင် ပြိုင်ပွဲနှင့် တူတော့မည် မဟုတ်ပါ။ ကြီးမားသော အတ္တကို ဖြစ်ပေါ်စေသော ပြိုင်ပွဲများရှိသကဲ့သို့ သေးငယ်သော အတ္တကိုသာ ဖြစ်ပေါ်စေသည့် ပြိုင်ပွဲများလည်း ရှိပေသည်။
အချို့သော ပြိုင်ပွဲများသည် ရှုံးရှုံးနိုင်နိုင် မည်သည့် စိတ်ခံစားမှုမျှ မဖြစ်၊ အချို့သော ပြိုင်ပွဲများသည် မျှော်မှန်းသလို ဖြစ်မလာခဲ့လျှင် ပြင်းထန်သည့် စိတ်ဒဏ်ရာများ ရနိုင်သည်။ လူပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲများသည် လူအချို့ကို အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ပို့ပေးနိုင်သည်။
ကျွန်ုပ်တို့သည် ငယ်စဉ်ကတည်းက ပြိုင်ပွဲများနှင့် ရင်းနှီးခဲ့ရသည်။ ကျောင်းနေစဉ် အရွယ်က “စာတော့ မပြိုင်ဘူး ပေါက်ကရကျ ရှေ့ဆုံးက” ဟု ဆရာ၊ ဆရာမများ ပြောသည်ကို ကြားခဲ့ဖူးသည်။ စာပြိုင်ခြင်းမှာ ကောင်းမွန်သော အခြေအနေတစ်ခုလား။ မိမိဘာသာ မိမိထူးချွန်အောင် ကြိုးစားခြင်းနှင့် တခြားသူ တစ်ယောက်ထက် သာအောင် ကြိုးစားခြင်း မည်သည်က ပို၍ ကောင်းသနည်း။
အချို့သော အောင်မြင်မှုများသည် ပြိုင်ပွဲတစ်ခုပေါ်သာ အခြေခံသည်။ ပြိုင်ပွဲမရှိလျှင် ထိုအောင်မြင်မှုလည်း မရှိနိုင်။ ဥပမာ ဘောလုံး အားကစား၊ ဘောလုံး အားကစား သည် ပြိုင်ပွဲများသာ ၀င်ရောက် ယှဉ်ပြိုင်နေရခြင်း ဖြစ်၍ အောင်မြင်မှုသည် ပြိုင်ပွဲထဲ၌သာ ရှိသည်။ ထို့ကြောင့် ပြိုင်ပွဲ အထောက်အပံ့လိုသည်။ အချို့သော အောင်မြင်မှုများသည် ပြိုင်ပွဲ အထောက်အပံ့ ယူနိုင်သော်လည်း ၎င်းအထောက်အပံ့ မရှိလည်းဘဲ မိမိဘာသာ အောင်မြင်မှုကို ပုံဖော်နိုင်သည်။ ဥပမာ အဆိုတော်၊ သရုပ်ဆောင်၊ စာရေးဆရာ စသဖြင့် …။
စာရေးသူ သိထားသော အဖြစ်အပျက်လေး တစ်ခု ပြောပြ လိုသည်။ တစ်ခါတုန်းက စာသင်ကျောင်း တစ်ကျောင်းတွင် ခရီးသွားဆောင်းပါးပြိုင်ပွဲ တစ်ခုကျင်းပခဲ့သည်။ ထိုပြိုင်ပွဲကို ကျောင်းသားလူငယ်လေး တစ်ယောက် ကြိုးကြိုး စားစား ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ၎င်း လူငယ်လေး ဆုကြေငြာခြင်း ခံရသည်။ သို့သော် အငြင်းပွားဖွယ်၊ သံသယဖြစ်ဖွယ်၊ နားမလည်နိုင်ဖွယ် အခြေအနေများနှင့်အတူ ဆုပေးပွဲ အခမ်းအနား ကျင်းပခြင်းမရှိသည့်အပြင် ဘာမှဆက်မဖြစ်တော့ဘဲ ပြီးဆုံး သွားခဲ့သည်။ ထိုအချိန်ကတည်းကစပြီး ထိုလူငယ်လေး စာရေးခြင်းမရှိတော့ဘဲ ယခုအသက် (၆၀) ကျော်ရောက်သည့် အချိန်မှသာ ကဗျာများ ပြန်ရေးလာခဲ့သည်။
နောက်တစ်ခုက စာရေးသူ၏ ရူးသွပ်သွပ် အတွေးတစ်ခုသာ ဖြစ်သည်။ ယနေ့ လူငယ်များကြား ရေပန်းစား နေသည့် အဆိုတော် G Fatt သည် အသံကောင်းသော အဆိုတော်တစ်ယောက် မဟုတ်ပါဟု အချို့ဝေဖန်ကြ သည်။ G Fatt ကိုယ်တိုင်လည်း အင်တာဗျူး တစ်ခုတွင် ၀န်ခံထားသည်။ G fatt ကို တိုက်ခိုက်လိုစိတ် မရှိပါ။
G fatt သည် မအောင်မြင်သေးသည့် အချိန်ကတည်းကပင် သီချင်းများ ရေးသားပြီး ဂီတအပေါ် ရူးသွပ် စွာဖြင့် ဇွဲမလျှော့ဘဲ မကောင်းဘူးဟု ဝေဖန်ခံနေရသော သူ့ရှိသည့် သူ့အသံနှင့် ကြိုးစားသီဆိုခဲ့၍သာ ယခု ကဲ့သို့ အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့ မရူးသွပ်ဘဲ နမည်ကြီး သီချင်းဆို ပြိုင်ပွဲများသာ ၀င်ရောက်ယှဉ်ပြိုင်နေခဲ့မူ အသံစစ်သည့် အဆင့်မှာတင် ပယ်ချခြင်းခံနေရမည်မှာ မလွဲပေ။ ထိုအခါ သူ့ရည်မှန်းချက် ဖြစ်သည့် အဆိုတော် အိပ်မက်အတွက် ဖြစ်နိုင်ပါ့မလားဟူသော သံသယများ မွေးဖွားလာတော့မည်။ ထိုသို့ဖြစ်လာလျှင် G fatt သည် ယခုကဲ့သို့ အောင်မြင်သော အဆိုတော် တစ်ယောက် ဖြစ်လာနိုင်ဦးမှာလား။ ၁၀၀% တပ်အပ် ပြောဖို့ မလွယ်ကူတော့ပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲတစ်ခု၏ အရည်အချင်းဆိုသည်ထက် အဖြေရလာဒ်သည် ဒိုင်အဖွဲ့၏ အယူအဆ လွှမ်းမိုးမှုနှင့် အခြား လွှမ်းမိုးမှုများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။
ပြိုင်ပွဲများကြောင့် လူအချို့ အောင်မြင်မှု သရဖူဆောင်းနိုင်သည်။ လူနည်းစုသည် အောင်မြင်မှုကို ပြိုင်ပွဲများမှ တစ်ဆင့် ရယူသွားနိုင်သည်။ ထိုသူတို့ကို အားကျ၍ ထိုသူတို့ နည်းတူ ကြိုးစားမည်ဆိုလျှင် သင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် အောင်မြင်ကောင်း အောင်မြင်လာနိုင်သည်။ သို့သော် တခြားသူ တို့ထက်သာရန် လိုအပ်သည်။
ပြိုင်ပွဲ မ၀င်ဘဲ မိမိအောင်မြင်မှုအတွက် လွတ်လွတ်လပ်လပ် ကြိုးစားနေသည့် သူတစ်ယောက်အတွက် မည်သူ့ ထက်မှ ပိုတော်စရာမလိုပါ။ ထိုကဲ့သို့သော သတ်မှတ်ချက်များကို ဂရုစိုက်ရန်မလို၊ မည်သူတစ်ဦး တစ်ယောက်ကို မှလည်း သက်ရောက်ခြင်းမရှိ။ မိမိအတွက် တစ်ခုတည်းသော အားသာချက်မှာ မိမိဖြစ်နေခြင်းဟူသည့် အကြောင်းတရားပင် ဖြစ်သည်။
ပြိုင်ပွဲများကြောင့် အချို့ အောင်မြင်သွားကြသည်။ ပြိုင်ပွဲများကြောင့် အချို့ ကျဆုံးသွားကြသည်။ ပြိုင်ပွဲများကြောင့် အများစု ဘာမှဆက်မဖြစ်တော့ချေ။ အောင်မြင်မှုဟူသည် ပြိုင်ပွဲတစ်ခုတည်းကသာ လာနိုင်ခြင်းမဟုတ် နေရာတိုင်းက လာနိုင်သည်။ ဆန္ဒရှိမယ်ဆိုရင်ဖြင့် လွတ်လပ်သော ဘ၀နှင့် လွတ်လပ်သော အောင်မြင်မှု တို့ကို လွတ်လပ်စွာ ဖန်တီးနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလျှက် …။
တိုးတက်အောင်(ပဲခူး)
——————–
စာကြွင်း။ ။ နယ်ပယ်အသီးသီးမှ ပြိုင်ပွဲများအပေါ် တိုက်ခိုက် စော်ကားလိုစိတ် မရှိပါ။


Powered by Blogger.