အိုင်းစတိုင်းရဲ့စကြ၀ဠာ


စကြ၀ဠာရဲ့အစကို ကျွန်တော်အရင်ကရေးဖူးပါတယ်။ စကြ၀ဠာက အတိုင်းမသိ ကျယ်ပြောတယ်လို့ ပြောခဲ့ပါတယ်။ ကမ္ဘာကို တစ်ပတ်ပတ်ရင် မူလနေရာ ပြန်ရောက်ပါတယ်။ ဒါဟာကမ္ဘာမှာ ကန်သတ်ချက်မရှိပေမယ့် ကမ္ဘာ့မျက်နှာပြင်က ခုံးလို့ အတိုင်းအဆရှိတယ်။ ဒါကြောင့်မို့လို့ဖြစ်ပါတယ်။ အလားတူပါပဲ ဟင်းလင်းပြင်ဟာလည်း အကန်အသတ်မရှိ အတားအဆီးမရှိပေမယ့် အတိုင်းအဆတော့ရှိပါတယ်။

အဲလ်ဘတ် အိုင်းစတိုင်းဟာ သည်ယူဆချက်ကို အခြေတည်ပြီး သူ့ရဲ့ ရီလေးတစ်ဗတီကို တည်ဆောက်ထားတာပါ။ စကြဝဠာရဲ့ အာကာသမျက်နှာပြင်ဟာလည်း ကမ္ဘာ့မျက်နှာပြင်လို အတိုင်းအဆရှိပါတယ်။ သို့ဖြစ်လို့သာ အာကာသ မျက်နှာပြင်က ကွေးပြီး တစ်နေရာမှာ လာထိကြတာ ပဲဖြစ်ပါတယ်။

အိုင်းစတိုင်းရဲ့ဥပမာ
———————-
အဲလ်ဘတ်က မြေကြီးထဲကို ၀င်သွားတဲ့ ပွေးတစ်ကောင်ဟာ အောက်ကို အဖြောင့်ကြီးအတိုင်းပဲ ဆက်ဖောက်သွားရင် နောက်ဆုံးတော့ မြေကြီးကို မတွေ့ရဘဲ လေဟာနယ်ထဲ ရောက်သွားပါလိမ့်မယ်။ သို့သော်လည်း မြေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်နေတဲ့ ကျွန်တော်များကတော့ မြေကြီးမျက်နှာပြင် မဟုတ်တဲ့နေရာကို ရာက်မှာမဟုတ်ဘူး။ ဒီဥပမာက အိုင်းစတိုင်းရဲ့ ရီလေးတစ်ဗတီ အချုပ်ပါပဲ။ ဒီကောက်ချက်ကို ကျွန်တော်က အကြမ်းဖျင်း ထပ်တင်ပြချင်ပါသေးတယ်။

နယူတန့်အဆိုတွေ
———————-
သိပ္ပံပညာရှင် ဆာအိုက်ဆက် နယူတန် ကိုတော့ မကြားဖူးတဲ့ အာကာသသိပ္ပံသမား မရှိသလောက်ပါပဲ။ “ရွေ့လျားနေသော အရာဝတ္ထုတစ်ခု သို့မဟုတ် ရပ်တည်နေသော ၀တ္ထုတစ်ခုသည် ပြင်ပမှအားတစ်ခုက မသက်ရောက်မီ အထိ မူလအခြေအနေအတိုင်းသာ တည်ရှိမည်။”
(နယူတန်၏ ရွေ့လျားမှု ပထမနိယာမ)

“အဟုန်၏ ပြောင်းလဲနှုန်းသည် သက်ရောက်သောအားနှင့် တိုက်ရိုက်အချိုးကျပြီး ထိုအား၏ လားရာအတိုင်း ဦးတည်သည်။”
(နယူတန်၏ဒုတိယနိယာမ)

သည်နိယာမ နှစ်ခုကို ယှဉ်ကြည့်ရင်တော့ ပထမနိယာမ ဟာ အီနားရှားလို့ခေါ်တဲ့ အားရဲ့ သတ္တိကို ဖော်ပြပြီး ဒုတိယ နိယာမကတော့ အားရဲ့သဘောကို ပြသတာ သိမြင်နိုင်ပါတယ်။ နယူတန်က ပစ္စည်းတွေကို ပစ်လိုက်ရင် အဲ့သည့်ပစ္စည်းတွေ သွားတဲ့လမ်းကြောင်းဟာ ကွေးသွားတယ်။ ဒါဟာမြေကြီးရဲ့ ဆွဲအားပဲလို့ ယူဆမိပါတယ်။

သည်ယူဆချက်ကိုလည်း ကျွန်တော်တို့ဟာ အနှစ်(၂၀၀)လောက်ကို လက်ခံခဲ့ကြတယ်။ သို့ပေမယ့် ၁၉ ရာစုနှစ် အကုန်ပိုင်း ရောက်တော့ မစ်ချဲဆန် နဲ့ မော်လေ ဆိုတဲ့ အာကာသ သိပ္ပံသမားနှစ်ယောက် က နယူတန်ရဲ့ အဆိုတွေ မှားတယ်ဆိုတာ သက်သေပြခဲ့ကြတယ်။ သို့ပေမယ့် နယူတန့် ကျေးဇူးကြောင့်သာ ဆက်လက်ပြီး ရူပဗေဒနဲ့ အာကာသသိပ္ပံ အယူအဆတွေ တိုးတက်လာတာဖြစ်ပါတယ်။

စိတ်ကူးထဲက`အီသာ´
———————-
နယူတန်က အားကိုတိုင်းတဲ့နေရာမှာ အလျင်ရဲ့ သဘောကို ယူသုံးထားတယ်။ သို့ပေမယ့် အလျင်ရဲ့ မူလသဘောကို မသိကြသေးဘူး။ ဆိုတော့။ အလျင်ရဲ့မူလသဘောကို သိဖို့ တိုင်းတာဖို့လိုလာတယ်။ တိုင်းဖို့အတွက် အညွှန်းဘောင် တစ်ခုကို စိတ်ကူးထဲက သတ်မှတ်လိုက်တယ်။ အီသာလို့ပါ။ အဲ့သည့် အညွှန်းဘောင်ဟာ ဟင်းလင်းပြင်ထဲမှာပဲ ရှိပါတယ်။ အီသာနဲ့ အချိန်ကို ဘောင်တွေ အဖြစ် သတ်မှတ်လာ ကြပါတယ်။ အီသာတွေ အချိန်တွေနဲ့ ရှုပ်ခတ်နေတဲ့သည့် အထွေးကို ဥပမာနဲ့ပြောရင် တန်းပြေသွားပါမယ်။

သင့်ဘေးနားက နာရီတစ်လုံးကို ကြည့်နေလိုက်ပါ။ စိတ်ကူးထဲမှာ ၀တ္ထုပစ္စည်း တစ်ခုကို ပုံဖော်ကြည့်ပါ။ တစ်စက္ကန့်မှာ ရွေ့ကြည့်ပါ။ ဆယ်ပေ ရွေ့တယ်ဆိုပါစို့။ သည်တော့ အဲ့ဒီ့ဝတ္ထုရဲ့ အလျင်က တစ်စက္ကန့်မှာ ဆယ်ပေပါပဲ။ သည်လို တိုင်းတာခဲ့ကြတာပါ။ သို့ပေမယ်လို့ သည်ပြဿနာ ပြေပေမယ့် နောက်ပြဿနာ ပေါ်လာပါတယ်။ အဲ့ဒီ့ပြဿနာကတော့ အီသာနဲ့ အချိန်တို့ပါ။ အီသာထဲမှာ ဆယ်ပေရွေ့တယ်ဆို ဘယ်မှာလဲ အီသာဆိုတော့ ပြစရာမရှိပါဘူး။ ဘယ်မှာလဲ အချိန်ဆိုတော့လည်း တပြေးညီး စီးဆင်းနေတဲ့ အချိန်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိပါဘူး။ စိတ်ကူးထဲက အီသာပါပဲ။ သို့သော် အလျင် ပြဿနာ ကတော့ အတော်လေး အဆင်ချောခဲ့ပါတယ်။

ဆွေလေးဖော်အာကာသ
———————-
သည်တော့ ပညာရှင်တို့က သဘာဝကြီးနဲ့ ပက်သက်တဲ့ အီသာ အယူအဆ ပုံစံဟောင်းကို စွန့်ကြရပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟင်းလင်းပြင်ကို ဘက်လေးဘက် ဟင်းလင်းပြင်လို့ တွေးဆ ကြည့်လိုက်ကြပါတယ်။ ဒါဟာလည်း သင်္ချာနည်းအရ တွေးဆချက်ဖြစ်လို့ စိတ်ကူးထဲက အာကာသပါပဲ။ အိုင်းစတိုင်းက စကြံလိုက်တဲ့ ဘက်လေးဘက် ဟင်းလင်းပြင်ထဲမှာဆိုရင် အဖော်လေးဦးရှိတယ် လို့ ယူဆ ကြည့်လိုက်ပါ။

သာမန် ဟင်းလင်းပြင်ရဲ့ အဖော် ၃ ဖက်ဖြစ်တဲ့ အလျား၊ အနံ၊ အမြင့်ရယ် အချိန်ရယ်ပါပဲ။ အချိန်ဆိုတာကတော့ သိကြတဲ့အတိုင်း ကမ္ဘာမှာဆို အချိန်ယူနစ်က နှစ် အာကာသမှာ အလင်းနှစ် စသဖြင့် ဖြစ်ပါတယ်။ သည် အယူအဆထဲက စိတ်ကူးအကောင်းဆုံးက အချိန်ကို အနုတ် ၁ ရဲ့ ၂ထပ်ကိန်း ၂(-၁) နဲ့မြှောက်တာပါပဲ။ တကယ်က အနုတ်၁ရဲ့ နှစ်ထပ်ကိန်း ဆိုတာမရှိပါဘူး။ ဒါကြောင့်ဒါကို စိတ်ကူး ကိန်းဂဏန်းလို့ ခေါ်ပါတယ်။ သည်လို စိတ်ကူးကို ထည့်ထားတာ အကြောင်းရှိပါတယ်။ ဒါမှသာအချိန်ကို ဟင်းလင်းပြင်နဲ့ တွဲဖက်လို့ရမှာပါ။ မူလက ဟင်းလင်းပြင်မှာ အလျား၊ အနံ၊ အမြင့်ရယ်လို့ အဖော် ၃ ယောက်ပဲ ရှိတယ်လို့ ယူဆခဲ့ကြပါတယ်။

သည်အယူအဆကို တော်လှန်ဖို့ပါ။ သည်လို ထည့်လိုက်ခြင်းအားဖြင့် အချိန်ရဲ့ ရူပဗေဒ သဘောကို သာပြီး ခိုင်မာစေပါတယ်။ လေးနက် စေလာတယ်။ သည်လိုမှ စိတ်မကူးရင် အချိန်ဆိုတာ ဘာမှန်းမသိဘဲ တွက်ရချက်ရတာ ခက်ကုန်မှာပါ။ ရူပဗေဒ တိုးတက်မှုကို အပုံကြီး ထိခိုက်စေမှာပါ။ ဒါကြောင့် သူတို့က စိတ်ကူးနဲ့ အချိန်ကို ရှင်သန်စေပြီး သိပ္ပံလောကရဲ့ အယူအဆ အသစ်တွေ တိုးတက် လာစေတာပါ။ သည်လိုနဲ့ အိုင်းစတိုင်းဟာ အဟုန်နဲ့ အလျင်ကို သိပ္ပံစာလုံး ဘ၀က လက်တွေ့ဘ၀ကို ပို့ပေးခဲ့ပါတယ်။ နယူတန်ရဲ့ အားသဘောကိုလည်း စွန့်လွှတ် နိုင်လာပါတယ်။

အထက်ကို ပစ်လွှတ်လိုက်တဲ့ ၀တ္ထုတွေရဲ့ လမ်းကြောင်း မျဉ်းကွေးဖြစ်နေတာဟာ အားကြောင့် မဟုတ်ဘူး။ နဂိုပကတိကို ကကွေးတဲ့ ဟင်းလင်းပြင်ထဲမှာ အလိုက်သင့်သွားအောင် အားထုတ်နိုင်တဲ့ ၀တ္ထုတွေရဲ့ လှုံ့ဆော်ချက်ကြောင့် ဖြစ်တယ်လို့ သူက သက်သေပြခဲ့ပါတယ်။ ဒါကြောင့် အာကာသ ဟင်းလင်းပြင်က ကွေးတယ်။ စုပေါင်းထုကလည်း အတိုင်းအဆ ရှိတယ်လို့ ယူဆကြပါတယ်။ နယူတန်ရဲ့ အဆိုတွေက ဂြိုလ်တွေရဲ့ ရွေ့လျားမှုတွေကို အဖြေမပေး နိုင်ပေမယ့် အိုင်းစတိုင်းက အဖြေပေးခဲ့တာပါ။ အထူးသဖြင့် ဗုဒ္ဓဟူးဂြိုလ်ရဲ့ ပတ်လမ်းဟာ ဘာကြောင့်ကွေးနေလဲ စတာတွေကိုပါ သက်သေပြနိုင်ခဲ့တယ်။ ရှင်းပြနိုင်ခဲ့ပါတယ်။ အာကာသ သိပ္ပံရဲ့ ထူးခြားနေတဲ့ ပြဿနာအရပ်ရပ်ကို အိုင်းစတိုင်းရဲ့ နှိုင်းယှဉ်ဓမ္မက ရှင်းပြ ပေးသွားပါတယ်။ သို့ပေမယ့် ခုထိလည်း ငြင်းနေဆဲပါပဲ။

စကြ၀ဠာတည်ငြိမ်မှု
———————-
အိုင်းစတိုင်းရဲ့ စကြ၀ဠာဗေဒ ကို သူ့ရဲ့သီအိုရီက သိပ်ပြီး အကူမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူ့သီအိုရီကို ကြိုက်ပြီး သူ့စကြ၀ဠာဗေဒကို လက်ခံမှု နည်းခဲ့ပါတယ်။ သူ့စကြ၀ဠာဗေဒကို နှစ်အတန်ကြာကြာ ပယ်အချခံခဲ့ရပါတယ်။ ၁၉၁၇ က ဒီဆစ်တားရဲ့ စကြ၀ဠာဗေဒဟာ လူကြိုက်များလာပါတယ်။ အိုင်းစတိုင်းက စကြ၀ဠာကြီးရဲ့ ပမာဏကိုပါဝင်တဲ့ ဒြပ်သားအရေအတွက် က ဆုံးဖြတ်တယ် လို့ဆိုပါတယ်။ ဒီဆစ်တားကတော့စကြ၀ဠာက ပြန့်ကားနေတယ်လို့ ဆိုပါတယ်။ သည်အချက်က ကွာခြားနေကြတာပါပဲ။ သို့ပေမယ့် သူတို့အယူအဆတွေက တစ်ခုနဲ့တစ်ခု အမှီပြုနေတာကို ဖရိမန်းနဲ့ လီမေတာတို့က သက်သေပြခဲ့ပါတယ်။ စကြ၀ဠာက စဖြစ်လာကတည်းက ပြန့်ကားတာ။ နောင်လည်းပြန့်ကားနေမှာပဲလို့ သူတို့က သက်သေပြခဲ့ကြတယ်။ သူတို့ ၂ ယောက်က စကြ၀ဠာဟာ အိုင်းစတိုင်း ကြံသလိုစတယ်။ ပုံစံရှိတယ်။ ဒီဆစ်တား ပြောသလိုပြန့်ကားတယ်။ ဒီဆစ်တားက အိုင်းစတိုင်းရဲ့ သီအိုရီကို မှီးတယ်စသဖြင့် သက်သေပြခဲ့ကြပါတယ်။ အချုပ်ကတော့ အိုင်းစတိုင်းရဲ့ စကြ၀ဠာက တည်ငြိမ်တယ်၊ ဒီဆစ်တားက ပြန့်ကားနေတယ်။ သူတို့ဥပဒေသတွေက အပြန်အလှန် မှီခိုတယ်ဆိုတာပါပဲ။

အိုင်းစတိုင်းဟာ စကြ၀ဠာကို တည်ငြိမ်နေတယ်လို့ ပြောခဲ့တာကလွဲပြီး တစ်ခါမှ စကြ၀ဠာနဲ့ပက်သက်ပြီး အယူအဆ မမှားဖူးပါဘူး။ ဂြိုလ်တွေရဲ့ ရွေ့လျားမှု၊ နေကြတ်ချိန်မှာ ကြယ်တွေနေရာ ရွေ့မှု၊ နေရဲ့စက်ကွင်းထဲမှာ ကြယ်တွေရဲ့လမ်းကြောင်း ကွေးမှုတွေကို အိုင်းစတိုင်းက နယူတန်ရဲ့ ဆွဲအားနိယာမကိုမှီး၊ သူ့ရဲ့ ရီလေးတစ်ဗစ်တီကိုသုံးပြီး အဖြေပေးခဲ့ပါတယ်။ ဒါကြောင့်လဲ သူ့ကို၂၀ရာစုရဲ့ အကြီးမြတ်ဆုံး သိပ္ပံပညာရှင်လို့ ခ်ါကြတာပါပဲ။

မောင်သူရ




Powered by Blogger.