အကြောက်တရား၏တွန်းပို့ခြင်း

ကျွန်တော် ငယ်ငယ်ကပေါ့၊ စာမေးပွဲတွေ ဖြေတဲ့အခါ စာမေးပွဲခန်းထဲက ထွက်လာရင် အမေက "ဖြေနိုင်လား .. ဘာတွေမှားသေးလဲ?" မေးလေ့ရှိတယ်။ အမြဲတမ်း ဖြေနိုင်တယ်လို့ ဖြေခဲ့တယ်။ ဒါပေမယ့် ကျွန်တော် နှစ်တန်း ကျောင်းသား ဘ၀လောက် ရောက်တဲ့အချိန်မှာ စာမေးပွဲမှာ မှားခဲ့တာတွေကို အိမ်ကို အမှန်အတိုင်း ပြောပြမယ်ဆိုပြီး လုပ်ခဲ့ဖူးတယ်။

 အဲ့ဒါနဲ့ စာမေးပွဲ ဖြေပြီးတဲ့ အချိန်မှာ မိဘတွေကို ကျွန်တော် စာမေးပွဲ ဖြေတုန်းက မှားခဲ့တဲ့ အကြောင်းတွေ ပြောပြလိုက်တယ်။ အဲ့ဒီမှာ ဆူပါလေရော ...။ ကိုယ်မျှော်လင့်ထားတာ အဲ့ဒီလို အခြေအနေ မဟုတ်ဘူး။ နှစ်သိမ့်မလားပေါ့၊ ဖြစ်လာတာနဲ့ တစ်ခြားစီ ဖြစ်နေတယ်။

 အဲ့ဒီနေ့ကစပြီး စာမေးပွဲဖြေတဲ့အခါ အိမ်ကို ဖြေနိုင်တယ် ပဲ ပြောတော့တယ်။ တစ်ခြား ပူးတွဲဖော်ပြချက်တွေ မပါတော့ဘူး။ ကိုးတန်းတုန်းက လပတ်စာမေးပွဲ (၁) ခါ ကျဖူးတယ်။ အဲ့ဒီ စာမေးပွဲ ဖြေတုန်းကလည်း အိမ်ကို ဖြေနိုင်တယ်ပဲ ပြောခဲ့တယ်။ Report Card ထွက်လာမှသာ ရလာဒ်က ဘုန်းခနဲးးး အသံ မြည်တာ။

 အဲ့ဒီလိုနဲ့ ကျွန်တော် ဆယ်တန်း အောင်သွားတယ်။ အဝေးသင် ကျောင်းသားဘ၀နဲ့ ရှေ့ဆက်၊ တက္ကသိုလ် စာမေးပွဲတွေ ဖြေတော့ ဖြေစရာရှိတာ ဖြေတယ်၊ ပြီးရင် စာဖြေချိန် မကုန်ခင် ထွက်တယ်။ ထွက်ပြီး ဘာလုပ်လဲဆိုတော့ တစ်ခြား မလုပ်ဘူး၊ အိမ်တန်းပြန်တာ ..၊ အဲ့ဒီမှာ အိမ်ရောက်တော့ စာဖြေခန်းထဲက စောစော ထွက်လာလို့ဆိုပြီး ဆူခံထိပါလေရော..၊ အဓိကကတော့ ဖြေရော ဖြေနိုင်ခဲ့ရဲ့လား ဘာညာ သာရကာပေါ့၊

 အဲ့ဒီနေ့ကစပြီး ကျွန်တော် စာဖြေခန်းထဲက စောစော ထွက်လာခဲ့ရင် အိမ်ကို တန်းမပြန်တော့ဘူး။ အိမ်ကိုမပြောဘဲ ဟိုလျှောက်သွား ဒီလျှောက်သွားတွေ လုပ်တတ်လာတယ်။ ကျွန်တော်ဟာ ဆိုးသွမ်း နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် .. ကျနော့ မိဘတွေအတွက် ဒီအပြုအမူဟာ မနှစ်သက်စရာ တစ်ခုဖြစ်နေမှာပါ။

 အဓိကကတော့ ဒီလိုတွေ ဖြစ်စေခဲ့တာက အကြောက်တရားရဲ့ တွန်းပို့မှုကြောင့်ပါ။ ကျွန်တော်က ဒီလောက်လေး ဖြစ်ခဲ့တာဆိုတာ ပေါ့ပေါ့ပါးပါး ကလေးပဲ ရှိပါသေးတယ်။ တစ်ခြားမှာ ဒီထက်ဆိုးတာတွေ ရှိနိုင်ပါတယ်။

တချို့ မိဘတွေရဲ့ တင်းကြပ်လွန်းတဲ့ ထိန်းကွပ်မှုတွေကြောင့် ဖြစ်လာတဲ့ အကြောက်တရားတွေဟာ သားသမီးတွေကို တစ်ခြားသော တစ်ဖက်ကို တွန်းပို့လိုက်သလို ဖြစ်နေတတ်ပါတယ်။

 ဆွေးမျိုးမတော်တဲ့ လူတစ်ယောက်ကို အကြောက်တရားနဲ့ အုပ်ချုပ်ရင် တစ်ချိန်မှာ အုပ်ချုပ်ခံရတဲ့သူက အုပ်ချုပ်တဲ့သူကို ပြန် ဒုက္ခပေးနိုင်ပါတယ်။ ပြန်လှန်လာနိုင်တယ်။ မိဘနဲ့ သားသမီးကြားမှာ ကျတော့ အဲ့ဒီလို ပြန်လှန်ဖို့ဆိုတာ အများအားဖြင့် မဖြစ်နိုင်ဘူး။

ဆိုတော့ကာ မြှားဦးက မိဘတွေဘက်ကို ဦးမတည်တော့ဘဲ တွေ့တဲ့ တစ်ခြားသော လမ်းကိုချည်း ရွေးချယ်သွားတော့တာပါ။ အဲ့ဒီလမ်းက လမ်းကောင်း တစ်ခုဆိုရင် ကိစ္စမရှိပေမယ့်၊ လမ်းဆိုး တစ်ခုဆိုရင်တော့ ...။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Powered by Blogger.