နားလည်ပါ ... သို့သော် ရွေးချယ်ပါ


တချို့လူတွေက ထုပ်ပိုးမှုကောင်းပြီး အရည်အသွေး ညံ့တဲ့ ပစ္စည်းတွေနဲ့တူတယ်။ တချို့ကျတော့ ထုပ်ပိုးမှုညံ့ပေမယ့် အရည်အသွေး ကောင်းတဲ့ ပစ္စည်း တွေနဲ့တူတယ်။ တချို့ကတော့ ထုပ်ပိုးမှုလည်းကောင်း အရည်အသွေး လည်းကောင်းတဲ့ ပစ္စည်းတွေလိုပဲ။ တချို့လူတွေကတော့ ထုပ်ပိုးမှုလည်း မကောင်း အရည်အသွေး လည်း ညံ့တဲ့ ကုန်ပစ္စည်း လိုပါပဲ။

ပထမပုံစံက ကြည့်လိုက်ရင် perfect ပဲ။ ပြီးပြည့်စုံ နေပေမယ့် ဘူးအတွင်းထဲကျ ဘာမှမပါတဲ့ ပစ္စည်းမျိုးပေါ့၊ အကျိုးသက်ရောက်မှုမရှိတဲ့ ပစ္စည်းမျိုး။ အဲ့လိုပစ္စည်းတွေကို နမော်နမဲ့ နိုင်တဲ့သူတွေက ဈေးကြီးပေးဝယ်ပြီးမှ အလိမ်ခံရသလို၊ နောက်ကျောဓားနဲ့ ထိုးခံရသလို၊ မတန်သလို ခံစားလိုက်ရတာတွေရှိတယ်။ အဲ့ဒီ လိုလူတွေကလည်း ဒီလိုပဲ အပြင်ပန်းတော့ ပြုံးနေပေမယ့် ဆက်ဆံရေးကောင်း နေပေမယ့် အတွင်းမှာတော့ အတ္တတွေနဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေတတ်တဲ့ လူစားမျိုးတွေ။

ဒုတိယပုံစံက ထုပ်ပိုးမှုညံ့ပေမယ့် အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေလိုလူ။ သူတို့ကျတော့ လူ့ပတ်ဝန်းကျင်က အဖယ်ခံထားရတဲ့ သူတွေလည်း ဖြစ်နိုင်တယ်၊ အပေါ်ယံ ကိုဦးစားမပေးတတ်တဲ့လူတွေလည်း ဖြစ်တယ်။ ပြောချင်တာပြော ဆိုချင်တာ ဆိုနေတယ်၊ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်တယ်၊ ဘယ်သူ့မှ ဂရုမစိုက်ပေမယ့် စိတ်အရည်အသွေးကျ သာမန်ထက် ကောင်းတယ်။ သူတို့နဲ့ ပေါင်းသင်းတဲ့အခါ ကိုယ့်ကိုယ်ကို အားမငယ်ဘူး၊ ယုံကြည်မှု နည်းမနေဘူး၊ ကိုယ့်အကြောင်းဖြစ်စေ သူများအကြောင်း ဖြစ်စေ လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတယ်။ သူတို့က ဘယ်သူ့မှသွားပြန်ပြောနေမှာ မဟုတ်ဘူး။ ဘာလို့ဆို လောကကြီးက သူတို့ကို အာရုံမစိုက်သလို သူတို့ကလည်း လောကကြီးကို အာရုံစိုက်ချိန်မရှိလို့ပဲ။

တတိယပုံစံက ထုပ်ပိုးမှုလည်းကောင်း အရည်အသွေး လည်းပြောစရာမရှိတဲ့ ပစ္စည်းတွေလိုလူ။ မွေးကတည်းက ပတ်ဝန်းကျင် ကောင်း တယ်၊ သွန်သင်မှုကောင်းအောက်မှာ ကြီးပြင်းလာခဲ့သလို ကိုယ်တိုင်လည်း ကောင်းချင်တဲ့ စိတ်ရှိတယ်။ ဒီလိုလူတွေကျတော့ သဘော ကောင်းတယ်၊ ခင်စရာ ကောင်းတယ်၊ ပေါင်းသင်းလို့ ကောင်းတယ် ထင်ရပေမယ့် သူတို့ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကိုယ်ကို အားငယ်မှု၊ ယုံကြည်မှုနည်းမှု ဖြစ်စေတတ်တယ်။ ဒါကတော့ စိတ်ပေါ်ကိုလိုက်ပြီး ကွဲမှာပါ။

နောက်ဆုံးကတော့ ထုပ်ပိုးမှုလည်းမကောင်း quality လည်း ညံ့တဲ့ ပစ္စည်း လိုလူပေါ့။ ပတ်ဝန်းကျင် လည်းမကောင်းတဲ့ အပြင် ကိုယ်တိုင်လည်း ကောင်းချင်စိတ်မရှိဘူး။ အရာတိုင်းကို မကောင်း တဲ့ဘက်ကကြည့်ပြီး ဆုံးဖြတ်ကြသလို၊ ကိုယ်နဲ့မဆိုင်လည်း ဝင်ပါဖို့ မနှေးဘူး။ ပြသနာ တက်တတ်တဲ့ လူတွေပေါ့။

ပုံစံမျိုးစုံသော လူတွေကြားမှာ သဟဇာတ ဖြစ်ဖို့ဆိုတာတော့ ကိုယ့်ဥာဏ်ကောင်းမှုနဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတာ တော့ ကိုယ်တိုင် ရွေးချယ် ရမှာပါ။ ။

ခင်ခြူးသာ
Powered by Blogger.