အမတဘ၀ကို ရှာဖွေခြင်း


အရာတစ်ခုခုကို ရှာဖွေတော့မည်ဆိုလျှင် ထိုအရာအကြောင်း အနည်းငယ်တော့ သိသင့်ပါသည်။ ထိုအရာကို ချဉ်းကပ်ကြည့်ဖို့ လိုသည်။ ဦးစွာ ကျွန်တော်တို့သိပ္ပံပညာရပ်နှင့် ချဉ်းကပ်ကြည့်ကြပါစို့။
အမတဘဝကိုချဉ်းကပ်မိခြင်း
——————————
အို၊နာ၊သေဘေး ဟူသောဘေးကြီးများမှ မလွတ်မြောက်လိုသောသူဟူ၍ ဤကမ္ဘာ၌ရှိလိမ့်မည်မထင်ပါ။ အားလုံးသည် အိုရခြင်း ဘေး၊နာရခြင်းဘေး၊ သေရခြင်းဘေးတို့ကို ကြောက်လန့်တတ် ကြပါပေသည်။ သို့အတွက်ကြောင့် အမတဘ၀ကို လိုချင်မိကြပါသည်။ ရရန်လည်း ကြိုးစားခဲ့ကြပါသည်။ အမတဘ၀ကို မကြာမီပင် သိပ္ပံပညာကတွေ့ရှိတော့မည်ဟု ထင်မြင်မိပါသည်။ ခံစားမိပါသည်။
အားထားဖွယ်ရာ မော်လီကျူးလာ ဆေးပညာ
————————————————
မော်လီကျူးလာ ဆေးပညာဆိုသည်မှာ ကျွန်တော်တို့အဖို့ များစွာအားပြုစရာ တစ်ခုဖြစ်သည်။ ရူပဗေဒနှင့် ဆေးပညာတို့ကို ပေါင်းစပ်ကာ အက်တမ်များ ၊မော်လီကျူးများနှင့် နောက်ဆုံးမျိုးရိုးဗီဇ အဆင့်တိုင်အောင် ပြောင်းလဲပြုပြင်နိုင်သည့် သိပ္ပံပညာရပ်တစ်ခုပင် ဖြစ်ပါသည်။
အာဝင်စရှရိုးဒင်းဂါ ဆိုသော နိုဘယ်ဆုရှင် ရူပဗေဒပညာရှင်က ၁၉၄၀ နောက်ပိုင်းတွင် မော်လီကျူးထဲရှိ ကုဒ်တစ်ခုပေါ်၌ ဇီဝအသက်သည်တည်သည် ဆိုသော အယူအဆကို မိတ်ဆက်ခဲ့သည်။ ထိုမိတ်ဆက်ချက်ကို ဖတ်ပြီးရူပဗေဒပညာရှင် ဖရန်စစ်ခရစ်နှင့် ဇီဝကမ္မပညာရှင်ဂျိမ်းဝပ်ဆင်တို့ပေါင်းပြီး သုတေသနလုပ်ကြသည်။ ၎င်းတို့၏ သုတေသနအရ ၁၉၅၃၌ အာဝင်ပြောသော လျှို့ဝှက်မော်လီကျူးကို တွေရှိခဲ့ကြသည်။
၎င်းသည် အက်စစ်ဓာတ်ကြွပစ္စည်းဖြစ်သည်။ ၎င်းကိုဒီအန်အေ ဟုသိကြသည်။ ဒီအန်အေဟူသည်မှာ ဒီအောက်စိရီဘွန်နျုကလိရစ်အက်စစ်ကို အတိုကောက်ခေါ်ခြင်းဖြစ်သည်။ ၎င်းသည် ကွင်းလိမ်ပုံစံရှိသည်။ ဆန့်ထုတ်ပါက ၆ပေထိရှည်လျားသည်။ အဒီနင်၊ သိုင်မင်၊ ဆိုင်တိုဆင်၊ ဂွာနန်စသော အက်စစ်ပေါင်း ၃ ဘီလီယံ အစဉ်လိုက်တန်းအရ ပါဝင်နေသည်။ ထိုစီးကွင့်တန်းကြီးမှာ အဖို၊အမအိတ်ဇ်ပုံစံတို့ ၀ိုင်ပုံစံတို့ ခရိုမိုဇုန်းတွေပါသည်။ သို့သော် ထိုအကြောင်းကိုတော့ မလိုဘူးထင်၍ ချန်လှပ်လိုက်ပါသည်။ (အသေးစိတ်သိလိုလျှင် ဂျနတစ်ခေါ် မျိုးရိုးဗီဇ လေ့လာသောပညာကို သေချာဆည်းပူးသင့်ပါသည်။)
အထက်က၎င်းတွေ့ရှိချက်ကို အခြေခံ၍ ယနေ့ခေတ်၌ မော်လီကျူးလာဆေးပညာသည် တဟုန်ထိုးတိုးတက်၍ သုတေသနပြုချက်များ ဆက်လက်ဆောင်ရွက်နေကြသည်။
လူသားခရိုမိုဇုန်း မျိုးပွားစီမံချက်
——————————-
ဤစီမံကိန်းသည် လူသားများ၏ မျိုးရိုးဗီဇ အစဉ်လိုက်တန်းကြီး ဖြစ်နေမှုကို လေ့လာရန် အဓိကရင်းရည်ရွယ်သည်။ များစွာသောပညာရှင်များသည် ဤပရောဂျက်တွင် ပါဝင်ခဲ့ကြရသည်။ ဒေါ်လာ ၃ ဘီလီယံ ခန့်ကုန်ကျစရိတ် ရှိသည်။ ဤမျှလူပင်ပန်း၊ ငွေအကုန်ခံခဲ့ရသော ပရောဂျက်မှာ မည်သို့အကျိုးရှိမည်နည်း။ အကျိုးရှိပါသည်။
ဤပရောဂျက်ကြောင့်ပင် ကိုယ်တွင်းအစိတ်အပိုင်းများကို ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ ၂၀၀၇ တွင် ဆီးအိမ်ကိုလည်းကောင်း၊၂၀၀၉ ခုနှစ်တွင် လေပြွန်ကိုလည်းကောင်း ထုတ်လုပ်နိုင်ခဲ့ပါပြီ။ နှလုံးအဆို့ရှင်၊ အရေပြား၊ သွေး ၊သွေးကြော၊ အရိုး၊ အရိုးနုတို့ကိုလည်း ဆဲလ်များမှ မျိုးပွားထုတ်နိုင်လာပြီဖြစ်သည်။ ထိုပညာကို မူတစ်ရှူးအင်ဂျင်နီယားရင်းဟုခေါ်သည်။ အသားမျှင်တည်ဆောက်ခြင်း အနုပညာဟုဆိုရပါမည်။
ခက်ခဲသော၊ရှုပ်ထွေးသော၊မသိလွယ်သော
——————————-
တစ်ရှူးအင်ဂျင်နီးယားရင်းသည် လက်တွေ့၌ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်နိုင်ခြင်း မရှိသေးပါ။ အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ထုတ်ဖော်ရန် ခဲခက်လှပါသည်။ ဦးနှောက်ကဲ့သို့သော အင်္ဂါကိုမပြောပါနှင့် ကျောက်ကပ် ဟူသောအင်္ဂါကို ထုတ်ရန်ပင် ခဲယဉ်းလှသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်ကပ်တွင် သွေးညစ်များကို စစ်ပေးသော ဇကာငယ်လေးများ ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ ထိုဇကာလေးများကို တစ်ရှူးများနှင့် ပြန်လည်ပုံဖော်ရသည်မှာ လွန်စွာပင် ခက်ခဲလှသည်။ အံ့သြဖွယ်ရာ ကျွန်တော်တို့ခန္ဓာကြီးပါတကား။
 စတမ်းဆဲလ်တက္ကနော်လဂျီသို့
———————-
ပင်စည်ဆဲလ်နည်းပညာဟု ပာရပေမည်။ ထိုပညာရပ်သည် တစ်ရှူးအင်ဂျင်နီးယားရင်းပြီးနောက် တိုးတက်လာသော နည်းပညာကြီးလည်း ဖြစ်ပါသည်။ ဆိုခဲ့ပြီးသော တစ်ရှူးအင်ဂျင်နီးယားရင်းသည် အနုစိတ်သည်ကားမှန်ပါသည်။ သို့သော် ယခုပြောမည့် စတမ်းဆဲလ်တက္ကနော်လဂျီက ပို၍အဆင့်မြင့်ပေသည်။ တစ်ရှူးအင်ဂျင်နီးယားရင်းတွင် အထူးစီမံထားသော ဆဲလ်များကို ပုံစံခွက်ထဲထည့်ကာ လိုသောတစ်ရှူးပုံသွင်းခြင်းဖြစ်သည်။ ထိုဆဲလ်များသည် အားသန်ရာသို့ ကာလ၊ ဒေသ၊ ပယောဂအလိုက် ပြောင်းသွားတတ်လေသည်။ သို့အတွက်ကြောင့် ကျန်သောမျိုးရိုးဗီဇတို့မှာ အလုပ်မလုပ်တော့ပေ။
ထိုသို့သောဖြစ်ရပ်များကို ဖြေရှင်းရန် ဤနည်းပညာ ပေါ်ပေါက်လာရသည်။ ပင်စည်ဆဲလ်ခေါ် စတမ်းဆဲလ်သည် မည်သည့်ကာလ၌ ဖြစ်ပါစေ၊ မည်သည့်နေရာ ရောက်ရောက် မပြောင်းတတ်ပါ။ ထိုပင်စည်ဆဲလ်ကိုမူကား သန္ဓေသားလောင်းတွင် ရနိုင်သည်။
 ကောင်းမှုလား။မကောင်းမှုလား။
——————————-
သန္ဓေသားလောင်းထံမှ ပင်စည်တစ်ရှူးရဖို့အတွက် သန္ဓေသားကိုစတေးကြရမည်။ သို့အတွက်ကြောင့် လူ့ကျင့်ဝတ်အရ ဖောက်ပြန်မှုများကို ကြုံတွေ့လာရသည်။ တစ်ရှူး အင်ဂျင်နီးယားရင်းပညာရှင်များနှင့် စတမ်းဆဲလ်တက္ကနော်လဂျီ ပညာရှင်တို့အကြား အကြီးအကျယ် အငြင်းအခုန်ဖြစ်ကြတော့သည်။ သို့သော်မစိုးရိမ်ပါနှင့်။ သိပ္ပံပညာဖြစ်သည်။ အဖြေဟူသည်တွေ့တတ်စမြဲပင်။
 ဖော်ထုတ်ချက်အသစ်
——————
ဆဲလ်အမျိုးအစား တစ်ခုဖြစ်နေသော အရွယ်ရောက်ပြီး ပင်စည်ဆဲလ်ကို မူလပင်စည်ဆဲလ်အဖြစ် ပြန်ပြောင်းရန် ကြိုးစားနေကြသည်။ ထိုသို့ပြောင်းနိုင်ပါက နှလုံးရောဂါ၊ ဆီးချိုစသော ရောဂါကြီးများကို ကလေးကစားစရာသဖွယ် ဖြစ်သွားစေပြီး အောက်ပိုင်းသေသူ၊ အယ်ဇိုင်းမား ရောဂါသည်တွေအပြင် ကင်ဆာ နောက်ဆုံးအဆင့်ရောဂါသည်များကိုပါ ပျောက်ကင်းအောင် ကုသနိုင်လိမ့်သည်။ သို့သော် ထိုနည်းပညာသည် ခပ်လန့်လန့်ဖြစ်သည်။ ကောင်းသောနေရာရှိသလို ဆိုးသောနေရာလည်း ရှိပါသည်။ ထိုဆဲလ် ပြန်ပြောင်းခြင်းကို ဓာတ်ခွဲခန်းတွင် အသေအချာ မလုပ်နိုင်သေးသောကြောင့် ကင်ဆာအကျိတ်ကိုပင် မှားကာဖန်တီးမိနိုင်သည်။
ထို့ကြောင့် ဆက်လက်သုတေသနပြုရန် လိုအပ်နေသေးပေသည်။ သိပ္ပံပညာရှင် ဒိုးရစ်တေလာနှင့်အဖွဲ့က ထိုသို့သော သုတေသနကို ၂၀၀၈၌ အောင်မြင်သွားသည်။ သူတို့သည် ခုန်နေသော ကြွက်နှလုံးကို ကြွက်၏မူလပင်စည်ဆဲလ်မှ ထုတ်လုပ်ပြလိုက်ကြသည်။ ယခုအခါ၌ထိုပညာကိုစစ်ပွဲတွင် ခြေလက် ဆုံးရှုံးသွားကြရသူတို့ အတွက်ဟူ၍ အမေရိကန်စစ်ဘက်မှ ကြိုးစား၍ သုတေသန လုပ်နေကြပါသည်။
အံ့သြဖွယ်ရာကလုန်းပညာ
———————
ထို့အတူ ကလုန်းဟူသော အကောင်လိုက် ပုံတူမျိုးပွားပညာလည်း ထွန်းပေါက်ခဲ့ပါသည်။ ၁၉၉၇ ၌ အိုင်ယန်ဝီလ်မတ်က သိုးမလေး ဒေါ်လီကို ကလုန်းပွားပစ်ခဲ့ပါသည်။ ထို့အတွက်ကြောင့် သိပ္ပံလောကကြီး တစ်ခုလုံး
မျက်လုံးပြူး သွားလောက်အောင် အံ့သြသွားကြသည်။ ထိုပညာမှာ အရွယ်ရောက်ပြီးသား သိုးမလေးမှ ဆဲလ်တစ်လုံးကိုယူကာ ထိုဆဲလ်၏ နျူကလိယမှ ဒီအန်အေထုတ်ပြီး မျိုးဥထဲထည့်၍ ကလုန်းကို ဖန်တီးခဲ့သည်။ ယခုထက်တိုင်ထိတော့ လူသားကလုန်းကို ထုတ်ယူနိုင်ခြင်း မရှိသေးပေ။
ထုတ်ယူနိုင်ကလည်း ဖန်ဆင်းရှင် ဘာသာကြီးများက ကန့်ကွက်ကြပေလိမ့်မည်။ လူကို လူက ဓာတ်ခွဲခန်းထဲတွင် ထုတ်ယူနိုင်တော့မည်ဟု ထင်မှတ်ရသည်။ အချို့ကလည်း ကလုန်းများဖန်တီးပြီး မူလလူ၏ အင်္ဂါအစိတ်အပိုင်းတို့ အတွက်လိုလျှင် ယူသုံးကြမည်ဟု အဆိုများ တင်သွင်းကြသည်။ သို့သော် လူ့ကျင့်ဝတ်အရ ဖောက်ပြန်နေသောကြောင့် လူမှုပတ်ဝန်းကျင်က အပြင်းအထန်ရှုပ်ချခဲ့ကြသည်။
မျိုးရိုးဗီဇ၏သဘော
————-
ကျွန်တော်တို့သည် မိဘနှစ်ပါးစီမှ ခရိုမိုဆုန်း၂၃ခုစီရရှိကာ စုစုပေါင်း၄၃ခုရှိသည်။ ထိုခရိုမိုဆုန်းများတွင် မျိုးရိုးဗီဇတို့ပါသည်။ ၎င်းတို့သည်လူတစ်ယောက်၏ အသက်ပင်ဖြစ်လေသည်။
မျိုးရိုးဗီဇ၏အရေးပါပုံ
—————-
ဂရိရာဇ၀င်၌ ဟာကြူလီဟူသော စစ်သူရဲကောင်းတစ်ယောက်ရှိ၏ ။ထိုသူရဲကြီးသည်ခွန်အားဗလသတ္တိတို့နှင့် ပြည့်စုံသည်။ ထိုသို့ပြည့်စုံခြင်းသည် သူ၏ဖခင်ဇုထံမှရရှိသော မျိုးရိုးဗီဇကြောင့်ဖြစ်သည်။ `ဟာကြူလီ၏မိခင် အဲလ်မီးနီက သီဘိဘုရင်၏ မိဖုရားဖြစ်သည်။ တစ်နေ့ဇုက ကောင်းကင်မှကြည့်မိရင်း အဲလ်မီးနီကို ချစ်ကြိုက်သွားသည်။ ချစ်ကြိုက်မှုကြောင့် ကိုယ်ခန္ဓာကို တစ်ညတွင် သိမ်းမြန်းလိုက်သည်။ ထိုအကြောင်းကို ဇု၏ တရားဝင်မယားကြီး ဟဲရာက သိသွားပြီး အဲလ်မီးနီကို ဒဏ်ထိစေကာ မီးမဖွားနိုင်အောင် စီမံလိုက်သည်။ ဇု၏တောင်းပန်မှုကြောင့် ဟဲရာက မီးဖွားခွင့်ပေးလိုက်လေသည်။ ထိုအခါ ဟာကြူလီဟူသော ခွန်အားရှင်သည် လူ့လောကတွင်း ရောက်လေသတည်း။´(ဂရိရာဇ၀င်)
အထက်ပါပုံပြင်ကို ဤနေရာတွင်တင်ပြရသည်မှာ အခြားတပါးကြောင့်မဟုတ်။ မျိုးရိုးဗီဇ အမွေဆက်ခံလာပုံကို စာဖတ်သူများ သိစေလိုခြင်းဖြစ်သည်။ ထိုသို့ပင်မျိုးရိုးဗီဇသည် အမွေဆက်ခံတတ်လေသည်။
အနာဂတ်နတ်ဘုရား
—————
အနာဂတ်တွင် ကျွန်တော်တို့သည် အထက်ပါနည်းပညာကို သုံးကာ နတ်ဘုရားများကို ဖန်တီးနိုင်တော့မည်။ ဆိုလိုသည်မှာ တမူထူးခြားသော အစွမ်းရှိလူသားများကို ဖြစ်သည်။ ထိုအစွမ်းများရအောင် မျိုးရိုးဗီဇကိုလိုသလို ပြောင်းနိုင်မှရမည်။ ထိုသို့ပြောင်းလဲကြည့်ရန်လည်း သုတေသနပြုနေကြသည်ဟု သိရသည်။
ခရီးဆက်ကြသောသုတေသနများ
————————
မည်သို့ပင် ငြင်းခုန်နေပါစေ။ သုတေသနများသည် ရပ်တန့်မသွားခဲ့ပါ။ ဆက်လက်၍သာ လုပ်ဆောင်နေကြပါသည်။ သို့သော်ပညာရှင်များ ရုတ်တရက်သိသွားသော အသိတစ်ခုရှိသည်။ တော်ရုံ မသေသေးဘဲ အိုနေမှာလား။ နာနေမှာလားဟူသော အသိပင်ဖြစ်သည်။ ဤသည်ကလည်း အရေးကြီးလှသည်။
မသေဆု
——-
ဂရိရာဇ၀င်ဟောင်းကို မွှေနှောက်ကြည့်လျှင် လွန်စွာမထင်မရှားဖြစ်သော ဇာတ်ကြောင်းတစ်ခုရှိ၏။ ထိုဇာတ်ကြောင်းမှာ`မသေဆု´ဖြစ်သည်။ `နတ်ဘုရားမအီးအို့စ်သည် တီးသနဟူသော လူသားလုလင်ကို ချစ်ကြိုက်မိသည်။ တီးသနသည် လွန်စွာချောဟူ၏။ အီးအို့စ်သည် မနေနိုင်ရက်သောကြောင့် တီးသနနှင့် ထာဝရပေါင်းလို၍ တီးသနအတွက် မသေဆုကို ဇုထံတောင်းလေသည်။ ဇုကသနားသွားပြီး မသေဆုကို ချစ်သက်လက်ဆောင်အဖြစ် ပေးလေ၏။ သို့သော်အီးအို့စ်သည် မအိုဆု၊ မနာဆုတို့ကို မတောင်းနိုင်သောကြောင့် တီးသနသည်အိုခြင်း၊ နာခြင်းဘေးကိုကြုံရ၏။ အီးအို့စ်လည်းပစ်သွားသည်။ တီးသနမှာမူကား မသေဘဲအိုခြင်း၊ နာခြင်းဘေးကိုသာ ထာဝရခံစားရရှာလေတော့သတည်း။´(ဂရိရာဇ၀င်)
စုန်းပြူး
—–
သိပ္ပံသုတေသီများက ထိုသို့ပြောနိုင်ကြသော်လည်း လက်တွေ့၌မူ လက်တွန့်ကြသည်။ အဘယ့်ကြောင့်ဆိုသော် စုန်းပြူးများပါလာမည် စိုး၍ဖြစ်သည်။ ကောင်းသောအချက်များတွင် မကောင်းသောအရာများ ရောပါလာမည်ကို စိုးရိမ်ကြသည်။
အမတဘ၀ကိုမိတော့မည်
—————–
ကျွန်တော်တို့ တစ်ခုခုဝယ်ရင် ယူးစားစ်မန်နျူရယ်ဟူသော စာအုပ်ကလေးများပါတတ်သည်။ ထိုသို့ပင် ကျွန်တော်တို့ ခန္ဓာကိုယ်ကိုလည်း မန်နျူရယ်ခေါ် လက်စွဲလေးတော့ ရှိသည်။ မျိုးရိုးဗီဇ နည်းပညာအရ တွေ့ရှိချက်ဖြစ်သည်။ ဟူးမ်မန်းဂျီးနုမ်းပရော့ဂျက်ဟု သိကြသည်။ ၂၀၀၃ တွင် ထိုပရောဂျက်သည် ဒေါ်လာ ၃ ဘီလျံကုန်ကျကာ အောင်မြင်သွားသည်။ ထိုပရောဂျက်အရ ကျွန်တော်တို့သည် ကိုယ်ပိုင်ဂျီးနုမ်းလေးများ ရေးမှတ်ထားသော စီဒီပြားများကို ၀ယ်ယူနိုင်ကြမည် ဖြစ်သည်။ ထိုစီဒီမှ မိမိတွင်ဖြစ်လာမည့် ရောဂါအခြေအနေစသည်တို့ကို ကြိုသိကာ ကြိုကာကွယ်နိုင်မည်။ တစ်ခုခုချွတ်ယွင်းပါကလည်း အလျင်အမြန် ကုသနိုင်မည်ဖြစ်သည်။ ထိုသို့စီဒီသွင်းရန်မှာ ဈေးသေးလှသည်မဟုတ်ပေ။ လူတစ်ယောက်အတွက်ပင် ဒေါ်လာသန်းချီ ကုန်ကျပေလိမ့်မည်။ သို့သော် ဤရာစုတွင်းမှာ ပင်ဒေါ်လာရာပိုင်းကို မူးဝါခေါ် စီးပွားရေးနိယာမအရ ကျဆင်းသွားနိုင်သည်။အ ကယ်၍ထိုသို့သာ ဆောင်ရွက်နိုင်ပါက များစွာအကျိုးရှိပါလိမ့်မည်။
လူနေမှု၊လူဦးရေ၊စားရေရိက္ခာ
——————–
၂၀၅၀ တွင် ဖြစ်လာမည့် လူဦးရေ ၂ ဒသမ ၆ ဘီလျံ ကိုကျွေးနိုင်ဖို့ရန်ငှာ အစားအစာ ၇၁ရာနှုန်းတိုးထုတ်ကြရမည်။ အကယ်၍ အမတဘ၀နှင့်သာ မွေးနှုန်းရှိပြီး သေနှုန်းနည်းနေပါလျှင် ကမ္ဘာမြေကြီး၏ ဒုက္ခကား မည်သို့နည်း။ ယခုအခါ ကမ္ဘာ့လူဦးရေမှာ ၇ဘီလျံရှိနေပြီ ဖြစ်သည်။ ၃၀၄၀ တွင်၉ဘီလျံဖြစ်လာမည်။ ၂၁၀၀ တွင် ၁၁ဘီလျံဖြစ်လာမည်ဟု ခန့်မှန်းကြသည်။
ဘာကြောင့်မင်းအိုသလဲ။
——————-
လူအိုရသည်ဆိုသည်မှာ ဆဲလ်တွင်းရှိ တီလိုမဲရ်ဟုခေါ်သော ပစ္စည်းတစ်မျိုးပါသည်။ ထိုတီလိုမဲရသည် ခရိုမိုဆုမ်း၏ ထိပ်တွင်ရှိသည်။ တီလိုမဲရ်သည် မျိုးဆက်ပွားတိုင်း တိုတိုသွားသည်။ သဘောမှာ အရေပြားဆဲလ် မျိုးဆက်တစ်ခါပွားတိုင်း ဆဲလ်ထဲရှိ တီလိုမဲရ်ကလည်း တိုသွားခြင်းဖြစ်သည်။ နောက်ဆုံး ကုန်ဆုံးသွားသည်။ ယင်းကို ဟေးဖလစ် အကန့်အသတ်ဟု ခေါ်ကြသည်။ ၎င်းနည်းအားဖြင့် သင်အိုလာသည်။
 ဟေးဖလစ်အကန့်ကိုဘယ်လိုတားမလဲ။
——————————-
ဟေးဖလစ် အကန့်အသတ်ကို တားနိုင်သည်မှာ တစ်ခုသာရှိသည်။ တီလိုမရေ့စ်အင်ဇိုင်းဖြစ်သည်။ ၎င်းကို ကင်ဆာဆဲလ်ကထုတ်သည်။ ထို့အတွက်ပင် ကင်ဆာဆဲလ်၏ တီလိုမဲရ်ကမကုန်သွားဘဲ ဆက်လက်ပြန့်ပွားနေခြင်း ဖြစ်သည်။ ၎င်းကိုသုံးပြီး ကျွန်တော်တို့သည် အိုခြင်းတရားကို တားဆီးနိုင်သည်။ လက်တွေ့တော့မစမ်းသပ်ဖူးကြသေးပေ။ ၎င်းသဘောသည် ဇီဝနာရီကိုသံပတ် အထပ်ထပ်ပေးခြင်းဖြစ်သည်။
အမတခရီးအတွက်ခရီးဆောင်ပစ္စည်းများ
——————————-
အမတခရီးအတွက်ဆိုလျှင်
၁)တစ်ရှူးအင်ဂျင်နီးယားရင်း တက္ကနော်လဂျီကို သုံးကာ မရှိတော့သော၊ ယိုယွင်းနေသော ခန္ဓာအစိတ်အပိုင်းမျာ ထုတ်လုပ်နိုင်ခြင်း၊
၂)ဇီဝနာရီကိုပရိုတင်းများ အန်ဇိုင်းများ၏ အကူဖြင့် သံပတ်အထပ်ထပ်ပေးခြင်း၊
၃)မျိုးရိုးဗီဇကုသနည်းကို တီထွင်အသုံးချခြင်း၊
၎)ကင်ဆာအကျိတ်အဖု မဖြစ်ခင်ကြိုတင်သိစေအောင် နာနိုဆင်ဆာတွေနှင့် ရောဂါရှာဖွေကုသထားခြင်းတို့ ဟူသော ခရီးဆောင်များကို လိုပါလိမ့်မည်ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါလေတော့သတည်း။ ။
`ဆန္ဒ၀တော ကိံ နာမကမ္မ နသိဇ္ဈတိ။´
`ဆန္ဒရှိသူတို့အတွက်မဖြစ်နိုင်သည်မှာမရှိ။´
 မောင်သူရ


Powered by Blogger.